Lanting လေ့လာသုံးသပ်ခြင်း၊ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း - လုံခြုံရေးကို နိုင်ငံတစ်ခုချင်းက မဆုံးဖြတ်သင့်ပါ

(GMT+08:00)2023-02-23 10:37:25  

၂၁ ရက်နေ့တွင် တရုတ်နိုင်ငံသည် “ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် အယူအဆစာတမ်း” (The Global Security Initiative Concept Paper) ကို တရားဝင်ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါစာတမ်းတွင် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်၏ အဓိကသဘောတရားများနှင့် အခြေခံမူများကို ရှင်းလင်းဖော်ပြထားပြီး အဓိက ပူးပေါင်းဆောင်ရွက်မှုဦးတည်ချက်များနှင့် ပလက်ဖောင်းယန္တရားများကို အတည်ပြုထားသည်။ ၂၁ ရက်နေ့နံနက်ပိုင်းတွင် ကျင်းပသော “ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် - လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများကို ဖြေရှင်းရန် တရုတ်နည်းလမ်း” ခေါင်းစဉ်ဖြင့် Lanting Forum တွင် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက “Concept Paper” သည် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် တရုတ်နိုင်ငံ၏ တာဝန်သိတတ်မှုနှင့် ကမ္ဘာ့လုံခြုံရေးကို စောင့်ရှောက်ရန် ခိုင်မြဲသောစိတ်ပိုင်းဖြတ်မှုကို ပြသနေသည်ဟု ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက် နှင့်စပ်လျဉ်းသည့် အဆင့်မြင့်လှုပ်ရှားမှုများ သင့်လျော်သလိုကျင်းပ၍ အားလုံးနှင့်အတူ လုံခြုံရေးအစီအစဉ်များအကြောင်း တိုင်ပင်ဆွေးနွေးမည်ဟုလည်း ၎င်းက ထုတ်ဖော်ပြောကြားပါသည်။

 

လုံခြုံရေးသည် နိုင်ငံအချို့၏ သီးသန့်မူပိုင်ခွင့်မဟုတ်၊ နိုင်ငံတစ်ခုချင်းက မဆုံးဖြတ်သင့်ပါ

နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက လုံခြုံရေးသည် ကမ္ဘာ့နိုင်ငံအသီးသီး၏ အခွင့်အရေးဖြစ်ကြောင်း၊ နိုင်ငံအချို့၏ သီးသန့်မူပိုင်ခွင့် မဟုတ်သကဲ့သို့ နိုင်ငံတစ်ခုချင်းက မဆုံးဖြတ်နိုင်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်သည် တစ်ကမ္ဘာလုံးရှိ ပြည်သူများ၏ အကျိုးစီးပွားအတွက် ဝန်ဆောင်မှုပေးပြီး တစ်ကမ္ဘာလုံးရှိ ပြည်သူများ၏ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းမှ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်၍ အတူမြှင့်တင်သင့်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက်တွင် ပါဝင်လိုသည့် မည်သည့်နိုင်ငံကိုမဆို မိမိတို့ ကြိုဆိုကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို စိတ်ရင်းမှန်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ပါက မိမိတို့ ထောက်ခံအားပေးကြောင်း ပြောကြားပါသည်။

 

တရုတ်နိုင်ငံတွင် လုံခြုံမှုမရှိပါက ကမ္ဘာကြီးတွင်လည်း လုံခြုံမှုရှိမည် မဟုတ်

နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ဘေးကင်းလုံခြုံမှုရှိသော နိုင်ငံတကာပတ်ဝန်းကျင်နှင့် ခွဲခြား၍မရကြောင်း၊ အလားတူပင် တရုတ်နိုင်ငံတွင် လုံခြုံမှုမရှိပါက ကမ္ဘာကြီးတွင်လည်း လုံခြုံမှုရှိမည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံသည် ပဋိပက္ခ သို့မဟုတ် စစ်ပွဲများကို မည်သည့်အခါမှ မလှုံ့ဆော်ခဲ့ကြောင်း၊ အခြားနိုင်ငံများ၏ နယ်မြေကို တစ်လက်မမျှ မကျူးကျော်ခဲ့ဖူးကြောင်း၊ သို့သော် တရုတ်နိုင်ငံအပေါ် ပြင်ပမှ ဖိနှိပ်ချုပ်ချယ်မှုများ အဆက်မပြတ် မြင့်မားလာနေပြီး ပိုမိုဆိုရွားလာလျက်ရှိကာ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ဆိုးရွားစွာ ခြိမ်းခြောက်နေကြောင်း၊ မိမိတို့သည် ကြီးစိုးမှုဝါဒနှင့် ပါဝါနိုင်ငံရေး ပုံစံအားလုံးကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ စစ်အေးတိုက်ပွဲစိတ်ဓာတ်နှင့် အုပ်စုဖွဲ့ ထိပ်တိုက်တွေ့ခြင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ ပြင်ပအင်အားစုများက တရုတ်နိုင်ငံ၏ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခြင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများနှင့် နိုင်ငံတကာ တရားမျှတမှု၊ မှန်ကန်ဖြောင့်မတ်မှုများကို ပြတ်ပြတ်သားသား ကာကွယ်စောင့်ရှောက်ကြောင်း ပြောကြားပါသည်။

 

ယူကရိန်းအကျပ်အတည်း တစ်နှစ်ပြည့်ချိန်တွင် မီးလောင်ရာလေပင့်ခြင်းကို ရပ်တန့်ပြီး တရုတ်နိုင်ငံအပေါ် အပြစ်ပုံချခြင်းကို ရပ်တန့်ပါ

နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက အကျပ်အတည်း ဖြစ်ပွားလာချိန်မှစ၍ တရုတ်နိုင်ငံသည် အမှန်နှင့်အမှားကို အမြဲတမ်း အခြေခံပြီး ဓမ္မဓိဋ္ဌာန်ကျကျ တရားမျှတမှုကို လိုက်နာခဲ့ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်က “လုပ်ဆောင်သင့်သည့် အချက်လေးချက်” ၊ “အတူတကွဆောင်ရွက်ရန် အချက်လေးချက်” ၊ “တွေးခေါ်မှုသုံးရပ်” တို့ကို အဆိုပြုထားပြီး အခြေအနေ ပြေလျော့လာစေရန်၊ အကျပ်အတည်းကို ဖြေရှင်းနိုင်စေရန် တာဝန်သိ၍ အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊ မိမိတို့သည် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ဆက်လက်တိုက်တွန်းပြီး ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန် တရုတ်ဉာဏ်ပညာ ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ဆွေးနွေးညှိနှိုင်းမှုများ မြှင့်တင်နိုင်ရန်၊ အားလုံး၏ စိုးရိမ်မှုများကို ဖြေရှင်းနိုင်ရန်၊ ဘုံလုံခြုံရေးကို အကောင်အထည်ဖော်နိုင်ရန် နိုင်ငံတကာအသိုင်းအဝိုင်း နှင့်အတူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် မီးလောင်ရာလေပင့်ခြင်းကို ချက်ချင်းရပ်တန့်ရန်၊ တရုတ်နိုင်ငံအပေါ် အပြစ်ပုံချခြင်းကို ရပ်တန့်ရန်၊ “ယနေ့ ယူကရိန်း၊ မနက်ဖန် ထိုင်ဝမ်” ဟူ၍ လှုံ့ဆော်နေခြင်းကို ရပ်တန့်ရန် သက်ဆိုင်ရာနိုင်ငံများကို တိုက်တွန်းကြောင်း ပြောကြားပါသည်။