တရုတ်နိုင်ငံက တစ်ကမ္ဘာလုံး လုံခြုံရေး အဆိုပြုချက် ဆိုင်ရာ အယူအဆ စာတမ်းကို ထုတ်ပြန်

(GMT+08:00)2023-02-22 11:51:36  

 

 ဒီလ ၂၁ ရက်နေ့တွင် တရုတ်အစိုးရက တစ်ကမ္ဘာလုံး လုံခြုံရေး အဆိုပြုချက် ဆိုင်ရာ အယူအဆ စာတမ်းကို ထုတ်ပြန်ခဲ့ပြီး အဆိုပြုချက်၏ အဓိက အယူအဆ၊ အတွေးအခေါ်များကို တစ်ဆင့်တိုး ရှင်းလင်းဖေါ်ပြသည့်အပြင် အဓိက ပူးပေါင်း ဆောင်ရွက်ရေး ဦးတည်ချက် အရပ် ၂၀ ကိုလည်း ဖေါ်ပြကာ အဆိုပြုချက် ဖေါ်ဆောင်ရေး အတွက် ပိုမို တိကျသော “လမ်းစဉ်မြေပုံ”ကို စီမံထားပါသည်။

   ၂၀၂၂ ခုနှစ် ဧပြီလတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တစ်ကမ္ဘာလုံး လုံခြုံရေး အဆိုပြုချက်ကို ဖေါ်ပြပြီး အတိုက်အခံ ပြုမှု မဟုတ်ဘဲ ဆွေးနွေးမှု ပြုလုပ်ခြင်း၊ ဘက်လိုက်မှု မဟုတ်ဘဲ မိတ်ဖက်ခြင်း၊ တစ်ဖက်သတ်အောင်တာ မဟုတ်ဘဲ အတူတကွ ဖွံ့ဖြိုး အောင်မြင်ခြင်း ဖြစ်တဲ့ အမျိုးအစားသစ် လုံခြုံရေးလမ်းကြောင်းကို လျှောက်လှမ်းရန် အဆိုပြုခဲ့ပါသည်။ ယင်းအဆိုပြုချက်သည် နိုင်ငံနှင့်ဒေသ၊ နိုင်ငံတကာအဖွဲ့အစည်း ၈၀ ကျော်တို့၏ ချီးကျူး ထောက်ခံမှုများကို ရရှိပါသည်။

တစ်ကမ္ဘာလုံး လုံခြုံရေး အဆိုပြုချက် ဆိုင်ရာ အယူအဆ စာတမ်းတွင် မျက်မှောက် အရေးတကြီး အကျဆုံး ဖြစ်သည့် နိုင်ငံတကာ လုံခြုံရေးကိစ္စရပ်များနှင့် ပတ်သက်ပြီး အဓိက ပူးပေါင်းဆောင်ရွက်ရေး ဦးတည်ချက် အရပ် ၂၀ ကို ဖေါ်ပြပြီး ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို ဖေါ်ဆောင်ခြင်း၊ အရေးကြီး ပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် တွန်းအားပေးခြင်း၊ သမားရိုးကျနှင့် သမားရိုးကျ မဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းခြင်း၊ နိုင်ငံတကာ လုံခြုံမှု စီမံခန့်ခွဲရေး ပိုမို ပြည့်စုံ ကောင်းမွန်လာအောင် ဆောင်ရွက်ခြင်း စသဖြင့် ပါဝင်ကာ အဆိုပြုချက်ပါ ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းနှင့် စည်းစနစ်နှင့် ပတ်သက်၍လည်း ကြံဆချက်များကို ဖေါ်ပြထားပါသည်။ 

လုံခြုံရေးသည် နိုင်ငံ အချို့၏ မူပိုင်ခွင့် မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံအသီးသီးတို့၏ အခွင့်အရေး ဖြစ်ပါသည်။ ကမ္ဘာကြီး ပိုမို လုံခြုံရန်အတွက် နိုင်ငံအားလုံး တာဝန်ဝတ္တရားကို ထမ်းဆောင်သင့်သည်။ ဘက်အသီးသီးတို့သည် တစ်ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက်တွင် အတူ ပါဝင်ပြီး အဆိုပြုချက်ပါ ရည်မှန်းချက်များ ဖေါ်ဆောင်ရန် ကြိုးပမ်းကာ ကမ္ဘာကြီးအတွက် ပိုမိုများပြားသော အေးချမ်းသာယာရေးကို ဆောင်ကြဉ်း ပေးနိုင်ရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါသည်။