ဂရိပညာရှင်များကို  ရှီကျင့်ဖိန် စာပြန်

(GMT+08:00)2023-02-21 15:54:03  

မကြာသေးမီက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အေသင်တက္ကသိုလ်မှ ပါမောက္ခ ဗီလ်ဗီဒါကီးစ် အပါအဝင် ဂရိပညာရှင်များအား စာပြန်ပြီး တရုတ်-ဂရိ ယဉ်ကျေးမှုအပြန်အလှန်လေ့လာသင်ယူရေးစင်တာ တည်ထောင်ခြင်းကို ဂုဏ်ပြုခဲ့သည်။

ရှီကျင့်ဖိန်သည် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က တရုတ်နှင့် ဂရိတို့၏ ယဉ်ကျေးမှုကြီးနှစ်ခုသည် အာရှဥရောပ တိုက်ကြီး၏အစွန်းနှစ်ဖက်တွင် တစ်ခုနှင့်တစ်ခု ဖြည့်စွက်ခဲ့ပြီး လူသားယဉ်ကျေးမှု ဆင့်ကဲဖြစ်စဉ်အတွက် အခြေခံကျသော အကျိုးဆောင်မှုတစ်ခုဖြစ်ကြောင်း ၊ ယခုအခါ နှစ်နိုင်ငံသည် တရုတ်-ဂရိ ယဉ်ကျေးမှု အပြန်အလှန် လေ့လာသင်ယူရေးစင်တာကို ထူထောင်ခဲ့ပြီး တရုတ်နှင့် ဂရိယဉ်ကျေးမှုအကြား အပြန်အလှန် သင်ယူမှုများ မြှင့်တင်ရန်နှင့် နိုင်ငံအသီးသီး၏ ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် အလွန်အရေးကြီးသော သမိုင်းနှင့် ခေတ်ကာလဆိုင်ရာ အရေးပါမှုများရှိကြောင်း ပြောကြားပါသည်။

အတိတ်ကအကြောင်း လေ့လာသင်ယူပြီးမှ အနာဂတ်သို့ လျှောက်လှမ်းနိုင်ကြောင်း၊ ပွင့်လင်းမှုနှင့် အားလုံးပါဝင်မှုတို့ကို စွဲကိုင်ထားမှ လူသားယဉ်ကျေးမှုသည် ဆက်လက်ဖွံ့ဖြိုးပြီး ကြီးပွားနိုင်သည်ဟု သမိုင်းက အပြည့်အဝသက်သေပြခဲ့ကြောင်း၊ ယနေ့ကမ္ဘာကြီးသည် ရာစုနှစ်အတွင်း မကြုံစဖူးသော အပြောင်းအလဲများနှင့် ရင်ဆိုင်နေရပြီး လူသားတို့ရင်ဆိုင်နေရသည့် ထင်ရှားသော ပဋိပက္ခများနှင့် ပြဿနာများကို ဖြေရှင်းရန် ကျွန်ုပ်တို့သည် အခက်အခဲများကို ကျော်လွှားရန်အတွက် ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းများကို အားကိုးရမည်ဖြစ်သလို   စိတ်ပိုင်းဆိုင်ရာခွန်အားဖြစ်သည့် ရိုးသားမှုနှင့် ဖြောင့်မတ်မှု ကိုလည်း အားကိုးရန် လိုအပ်ကြောင်း၊ တရုတ်နှင့် ဂရိယဉ်ကျေးမှု များတွင်ပါရှိသော တန်ဖိုး အမြင်၊ ကမ္ဘာ့ အမြင်၊ စကြာဝဠာအမြင်၊ ဘဝအမြင်၊ သိပ္ပံပညာအမြင်နှင့် ယဉ်ကျေးမှုအမြင်တို့သည် နက်နဲပြီး လူသားတို့အတွက် ခေတ်ကာလ၏ ပြဿနာများကို ဖြေရှင်းရန်နှင့် လူသားကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရန် အရေးကြီး သော စိတ်ပိုင်းဆိုင်ရာလမ်းညွှန်ချက်များကို ပံ့ပိုးပေးနိုင်မည်မှာ သေချာကြောင်း ပြော ကြားခဲ့ပါသည်။

၂၀၁၉ ခုနှစ်တွင် သမ္မတ ရှီကျင့်ဖိန်၏ ဂရိနိုင်ငံ ခရီးစဉ်အတွင်း သူနှင့် ဂရိခေါင်းဆောင်များသည် ယဉ်ကျေးမှုများအကြား အပြန်အလှန် ဖလှယ်မှုနှင့် လေ့လာ သင်ယူမှုကို ပြုလုပ်ရန် အဆိုပြုခဲ့ကြသည်။ ခရီးစဉ်အပြီးတွင် နှစ်နိုင်ငံတို့သည် ခေါင်းဆောင် များ၏ သဘောတူညီမှုကို တက်ကြွစွာ အကောင်အထည်ဖော်ပြီး တရုတ်-ဂရိ ယဉ်ကျေးမှု အပြန်အလှန် လေ့လာသင်ယူရေးစင်တာကို တည်ထောင်ရန် ပြင်ဆင်ခဲ့ကြသည်။ လွန်ခဲ့ သည့် ရက်အနည်းငယ်က အေသင်တက္ကသိုလ်မှ ပါမောက္ခ ဗီလ်ဗီဒါကီးစ် အပါအဝင် ဂရိ ပညာရှင်ငါးဦးသည် သမ္မတရှီကျင့်ဖိန်ထံ စာတစ်စောင်ရေးခဲ့ပြီး သမ္မတရှီကျင့်ဖိန် ထောက်ခံအားပေးသော ယဉ်ကျေးမှုဆိုင်ရာ အယူအဆကို မြင့်မားစွာ အသိအမှတ်ပြု သဘောတူပါကြောင်း ပြောဆိုခဲ့ကြကာ စင်တာ၏ပြင်ဆင်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် များကို မိတ်ဆက်ခဲ့သည်။ ဖေဖော်ဝါရလ ၂၀ ရက်နေ့က အေသင်တက္ကသိုလ်တွင် တရုတ်-ဂရိ ယဉ်ကျေးမှု အပြန်အလှန် လေ့လာသင်ကြားရေးစင်တာ တည်ထောင်ခြင်း အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။