အီရန်နှင့် ချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်မှုကိုဦးလည်မသုန် တိုးမြှင့်မည်ဟုရှီကျင့်ဖိန် ဆို

(GMT+08:00)2023-02-15 14:00:29  

ယခုလ ၁၄ ရက်နေ့ ညနေပိုင်းကတရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ လာရောက် ခရီးလှည့်လည်နေသောအီရန် သမ္မတလေဟီနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ် ခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်ကတရုတ်နိုင်ငံသည် အစဉ်တစိုက် မဟာဗျူဟာရှုထောင့်ကနေတရုတ်-အီရန် ဆက်ဆံရေးတိုးတက်လာအောင် ဆောင်ရွက် နေကြောင်း၊ နိုင်ငံတကာနှင့် ဒေသဆိုင်ရာအခြေအနေများမည်သို့ပင် ပြောင်းလဲစေကာမူတရုတ်နိုင်ငံသည် အီရန်နှင့် ချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်မှုကိုဦးလည်မသုန် တိုးမြှင့်မည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ရှီကျင့်ဖိန်ကတရုတ်နိုင်ငံသည် အီရန် နျူကလီးယား ပြဿနာဆိုင်ရာဘက်စုံသဘောတူစာချုပ် ပြန်လည်ဖေါ်ဆောင်ရေးစေ့စပ်ဆွေးနွေးပွဲတွင် အပြုသဘောဆောင်စွာဆက်လက်ပါဝင်မည် ဖြစ်ပြီးအီရန်ကတရားမျှတသောအခွင့်အရေးနှင့် အကျိုးစီးပွားများထိန်းသိမ်းကာကွယ်ရေးကိုထောက်ခံကာအီရန် နျူကလီးယား ပြဿနာကိုသင့်လျော်စွာအမြန်ဖြေရှင်းနိုင်ရန် တွန်းအားပေးမည် ဖြစ်ကြောင်းလည်းပြောကြားခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲအပြီးနှစ်ဖက်တို့သည် နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များရှေ့မှောက်၌ လယ်ယာစိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ ကျန်းမာရေး၊ ဘေးကယ်ဆယ်ရေး၊ ယဉ်ကျေးမှုနှင့် အားကစားစသည့် ကဏ္ဍပေါင်းစုံမှပူးပေါင်းဆောင်ရွက်ရေးစာချုပ်စာတမ်းများ ချုပ်ဆိုခဲ့ကြသည်ဟု China Media Groupမှ သတင်းအရသိရပါသည်။