Nord Streamသဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲမှု သံသယဖြစ်ဖွယ်ရာ အချက် ၃ခုနှင့် ပတ်သက်၍ အမေရိကန် ပွင့်လင်းစွာ တုံ့ပြန်ရ

(GMT+08:00)2023-02-11 15:52:12  

    နာမည်ကျော်ကြားသည့် အမေရိကန် သတင်းထောက် Seymour Hersh မကြာခင်က ဆောင်းပါးတစ်ပုဒ်ကို ရေးသားပြီး ဘိုင်ဒင် အစိုးရသည် ရုရှားမှ ဥရောပသို့ သဘာဝ ဓါတ်ငွေ့ ပို့ဆောင်သည့်  Nord Streamပိုက်လိုင်းကို စနစ်တကျစီမံကာ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ဖော်ပြပါသည်။ Seymour Hershသည် အမေရိကန် သတင်းလောကတွင် ကျွမ်းကျင်ပိုင်နိုင်မှုနှင့် နာမည်ကျော်စောမှု အလွန်မြင့်မားပြီး ၄င်းဆောင်းပါးတွင် အသေးစိတ် အချက်အလက် များစွာ ပါဝင်သောကြောင့် အကဲခတ်သူပေါင်းများစွာက ၄င်းဆောင်းပါးသည် ယုံကြည်လက်ခံနိုင်မှု ရှိကြောင်း ယူဆခဲ့ကြပါသည်။ သို့သော် အမေရိကန် အိမ်ဖြူတော် လုံခြုံရေး ကောင်စီ၊ ဗဟို ထောက်လှမ်းရေး အေဂျင်စီနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန စသည့် လုပ်ငန်းဌာနများသည် ၄င်းဆောင်းပါးမှန် ကန်မှုမရှိကြောင်းငြင်းဆိုပြီး Seymour Hersh၏ ထုတ်ဖော်ချက်သည် သတင်းအတုသာ ဖြစ်ကြောင်းလည်း ဖော်ပြခဲ့ကြပါသည်။

Seymour Hersh၏ ဆောင်းပါးသည် သက်ဆိုင်ရာ အရေးအခင်းနှင့် ပတ်သက်သည့် သံသယဖြစ်ဖွယ်ရာ အချက် ၃ခုကို ပေါ်လွင်လာစေပါသည်။

ပထမအချက်က Nord Streamသဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အမေရိကန် အပါအဝင် အနောက်နိုင်ငံများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကြမည်ဟု အော်ဟစ်ခဲ့ကြပါသည်။ ထို့နောက်ပိုင်းတွင် အမေရိကန်နှင့် ဥရောပ၏ သဘောထားသည် သိသာစွာ ပြောင်းလဲခဲ့ပါသည်။ ရုရှားသည် စုံစမ်းစစ်ဆေးမှုကို အတူတကွ ပြုလုပ်ကြရန် ကြိမ်ဖန်များစွာ ပန်ကြားခဲ့သော်လည်း အနောက်နိုင်ငံများ၏ ငြင်းဆိုမှု ခံခဲ့ရပါသည်။ ယခုဆို ၄လကျော် ကုန်လွန်ခဲ့ပြီဖြစ်ပါသည်။ အမေရိကန်နှင့် ဥရောပ နိုင်ငံများသည် ခေတ်မီမြင့်မားသော နည်းပညာနှင့် စွမ်းဆောင်ရည် ပိုင်ဆိုင်ထားသော်လည်း မည်သည့် စုံစမ်း စစ်ဆေးခြင်းမျိုးမှ အောင်မြင်မှု မရှိခဲ့ပေ။ ယင်းသည် လောဂျစ်နည်းကျမှု မရှိ၍ လူအများ သံသယ ဖြစ်လာသည်မှာ သဘာဝကျပါသည်။

ဒုတိယ အချက် ကတော့ အမေရိကန်နှင့် ဥရောပ နိုင်ငံရေး သမားများ၏ ဖော်ပြမှုများ ဖြစ်ပါသည်။ ဂျာမနီ မီဒီယာ၏ သတင်းထုတ်ဖော်ချက်အရ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ရုရှား-ယူကရိန်း ပဋိပက္ခ မဖြစ်ပွားခင်မှာ အမေရိကန် သမ္မတ ဘိုင်ဒင်ဟာ ရုရှားသည် ယူကရိန်း အပေါ် စစ်ပွဲ လှုံ့ဆော်ပါက “Nord Stream အမှတ် ၂” ဆက်လက်တည်ရှိတော့မည် မဟုတ်ကြောင်း၊ မိမိတို့သည် ၄င်းကို အဆုံးသတ်မည် ဖြစ်ကြောင်း သတိပေး ပြောကြားခဲ့သည်ဟု သိရပါသည်။ ၂၀၂၂ခုနှစ် စက်တင်ဘာလ Nord Streamသဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကင်က ယင်းသည် ကြီးမားသည့် အခွင့်ကောင်း တစ်ခု ဖြစ်ပြီး ဥရောပက ရုရှား အပေါ် စွမ်းအင် ဆိုင်ရာ မှီခိုအားထားရမှုကို လုံးဝ ကင်းလွတ်ရန် အတွက် အကျိုးရှိကြောင်း ဖော်ပြခဲ့ပါသည်။ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Radoslaw Sikorskiက ဆိုရှယ်မီဒီယာတွင် “အမေရိကန်ကို ကျေးဇူးတင်ရှိကြောင်း” ဖော်ပြခဲ့ပါသည်။

တတိယ အချက်က သတင်းကြီးများကို အမြဲတစေ စိတ်ဝင်စားသည့် အနောက်နိုင်ငံများမှ အဓိက မီဒီယာများသည် အဘယ်ကြောင့် Seymour Hersh၏ ဆောင်းပါးနှင့် ပတ်သက်၍ ရေငုံနှုတ်ပိတ်နေကြသနည်း။ CNN၊ Washington Post၊ New York Timesနှင့် BBC စသည့် အဓိက မီဒီယာများသည် သက်ဆိုင်ရာ သတင်းထုတ်ပြန်ချက် မရှိပေ။ မည်သူသည် ယင်းမီဒီယာများကို ကြိုးကိုင်နေသနည်း။

ယင်း၃ချက်နှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်း၏ သံသယဖြစ်မှုများ အပေါ် အမေရိကန်သည် ပွင့်လင်းစွာ တုံ့ပြန်ပြီး သက်ဆိုင်ရာ ၏ စုံစမ်းစစ်ဆေးမှုကို တွဲဖက်ဆောင်ရွက်ရမည် ဖြစ်ပါသည်။