နိုင်ငံများစွာသည် တူရကီနှင့်ဆီးရီးယား ငလျင်ဘေးသင့်ဒေသများသို့ ကယ်ဆယ်ရေး အဖွဲ့များ စေလွှတ်သည့်တစ်ချိန်တည်းတွင် အကူအညီများလည်း ထောက်ပံ့ပေး

(GMT+08:00)2023-02-08 16:42:04  

ဖိလစ်ပိုင်နိုင်ငံသည် တူရကီနိုင်ငံ ငလျင်ဘေးသင့်ဒေသတွင် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းကို ကူညီဆောင်ရွက်ရန် ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်မည် ဖြစ်ကြောင်း ဖိလစ်ပိုင်မီဒီယာများက ဖေဖော်ဝါရီလ ၇ရက်နေ့က ရေးသားဖော်ပြခဲ့ပါသည်။ ၄င်းကယ်ဆယ်ရေးအဖွဲ့သည် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ စက်ကိရိယာများ၊ ဆေးပစ္စည်းများနှင့် အဝတ်အထည်များကို သယ်ဆောင်ပြီး အစောဆုံး ဖေဖော်ဝါရီလ ၈ရက်နေ့တွင် တူရကီနိုင်ငံသို့ စတင်ထွက်ခွာမည် ဖြစ်ပါသည်။
ပါကစ္စတန်ကြည်းတပ်သည် ရှာဖွေကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့နှင့် ဆေးဝါး ကုသရေးအဖွဲ့တစ်ဖွဲ့ကို ဖေဖော်ဝါရီလ ၇ရက်နေ့က တူရကီနိုင်ငံသို့ စေလွှတ်ခဲ့ ပါသည်။
ယူကရိန်းနိုင်ငံသမ္မတ ဗလာဒီမီယာ ဇလန်းစကီသည် သက်ဆိုင်ရာ အမိန့်ဥပဒေကို လက်မှတ်ရေးထိုးပြီး တူရကီနိုင်ငံ ငလျင်ဘေးသင့်ဒေသသို့ လူသားချင်းစာနာထောက်ထားမှု ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ရုရှားသတင်းဌာန က ဖေဖော်ဝါရီလ ၇ရက်နေ့တွင် ရေးသားဖော်ပြခဲ့ပါသည်။
ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် Matsuno Hirokazu က ဂျပန်နိုင်ငံသည် ဖေဖော်ဝါရီလ ၆ရက်နေ့ ညက တူရကီနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ကို စေလွှတ်ခဲ့ပြီ ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။
ဖေဖော်ဝါရီလ ၆ရက်နေ့ ညက အယ်လ်ဂျီးရီးယားနိုင်ငံသည် တူရကီနှင့် ဆီးရီးယားငလျင်ဘေးသင့်ဒေသများသို့ ဒုတိယအသုတ် ကယ်ဆယ်ရေးအဖွဲ့ကို စေလွှတ်ပြီး လူသားချင်းစာနာထောက်ထားမှုပစ္စည်းများကိုလည်း ပို့ဆောင်ခဲ့ပါသည်။
ထို့အပြင် ဥရောပသမဂ္ဂကော်မတီ၊ ဒိန်းမတ်၊ တောင်ကိုရီးယား၊ အာဖဂန်၊ နော်ဝေနှင့် ဖင်လန်စသည့်အဖွဲ့အစည်းနှင့်နိုင်ငံများသည်လည်း တူရကီနှင့်ဆီးရီးယား ငလျင်ဘေးသင့်ဒေသများသို့ ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ပြီး လူသားချင်း စာနာ ထောက်ထားမှု ထောက်ပံ့ပေးခဲ့ကြပါသည်။