တရုတ်နိုင်ငံထုတ် အကြီးစား ကုန်း၊ ရေ နှစ်သွယ်သွား လေယာဉ် AG600M အမျိုးအစား အရည်အချင်းစစ်အောင်လက်မှတ်ရရှိရန် စမ်းသပ်ပျံသန်းမှုအဆင့်သို့ အပြည့်အဝ ဝင်ရောက်လာပြီ

(GMT+08:00)2023-02-04 10:54:06  

ပြီးခဲ့သည့်ရက်ပိုင်းက တရုတ်ပြည်တွင်းထုတ် အကြီးစား ကုန်း၊ ရေ နှစ်သွယ်သုံး လေယာဉ်နှစ်စင်း Kunlong AG600M (1003 နှင့် 1006) သည် ကျူးဟိုင်နှင့် ရီချမ်းမှ ရှီးအန်း ရန်လျန်သို့ အသီးသီး အောင်မြင်စွာ နေရာပြောင်းရွှေ့နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်၏ သိပ္ပံသုတေသန စမ်းသပ်ပျံသန်းမှုလုပ်ငန်းကို စတင်နိုင်ခဲ့ပါသည်။ ထိုသို့ဖြင့် AG600M အား အမျိုးအစား အရည်အချင်းစစ်အောင်လက်မှတ်ရရှိရန် စမ်းသပ်ပျံသန်းမှုအဆင့်သို့ တရားဝင် ဝင်ရောက်လာရန် တွန်းအားပေးနေပါသည်။

AG600 လေယာဉ်သည် တရုတ်နိုင်ငံ၏ အရေးပေါ်ကယ်ဆယ်ရေးစနစ်နှင့် အမျိုးသား သဘာဝဘေးအန္တရာယ် ကာကွယ်ထိန်းချုပ်ရေးစနစ် တည်ဆောက်ရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် တီထွင်ထုတ်လုပ်ထားသည့် အရေးကြီးသော လေကြောင်းစက်ပစ္စည်း ဖြစ်သည်။ ၎င်းသည် တရုတ်နိုင်ငံက အရပ်ဘက်လေကြောင်းစံနှုန်းများနှင့်အညီ ပထမဆုံး တီထွင်ထုတ်လုပ်ထားသည့် အကြီးစားအထူးလေယာဉ် ဖြစ်သည်။ AG600M သည် AG600 ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားသည့် လေယာဉ်အမျိုးအစားဖြစ်သည်။ အများဆုံး ပျံသန်းနိုင်မှု အလေးချိန် တန် ၆၀ ၊ အများဆုံး ရေသယ်ဆောင်နိုင်မှုပမာဏ ၁၂ တန်၊ အနိမ့်ဆုံး ပျံသန်းမှုအမြန်နှုန်း တစ်နာရီလျှင် ၂၂၀ ကီလိုမီတာ၊ ပျံသန်းနိုင်သောအကွာအဝေး ကီလိုမီတာ ၄၅၀၀ တို့ဖြင့် သာလွန်ကောင်းမွန်သော အနိမ့်ပျံသန်းမှု၊ မြန်နှုန်းနိမ့်၊ တိုတောင်းသောအကွာအဝေးတွင် အတက်အဆင်း ပြုလုပ်နိုင်မှု စွမ်းဆောင်ရည်များ ပိုင်ဆိုင်ထားပါသည်။