လူဘယ်လောက်များများကို ယင်းသေဆုံးသူ နာမည်စာရင်းတွင် ထည့်သွင်းမည်နည်း

(GMT+08:00)2023-01-30 16:58:11  

လွန်ခဲ့သည့် ၅၅နှစ်တုန်းက အာဖရိက အနွယ်ဖွား အမေရိကန် လူ့အခွင့်အရေး ဆိုင်ရာ တက်ကြွလှုပ်ရှားသူ Martin Luther King,Jrသည် Tennesseeပြည်နယ် Memphisမြို့တွင် လုပ်ကြံသတ်ဖြတ်မှု ခံခဲ့ရပါသည်။ ယခုနှစ် ဇန်နဝါရီလ ၇ရက်နေ့က အလားတူမြို့တွင် အသက် ၂၉နှစ် အရွယ် ရှိသည့် အာဖရိက နွယ်ဖွား Tyre Nicholsသည် ရဲဝန်ထမ်း ၅ဦး၏ ရိုက်နှက်မှု ခံရပြီး သေဆုံးခဲ့ရပါသည်။ အမေရိကန် တစ်နိုင်ငံလုံးသည် ယင်းအပေါ် ဒေါသထွက်လာခဲ့ကြပါသည်။

လွန်ခဲ့သည့် ၂နှစ်ကျော်တုန်းက အာဖရိကန် အနွယ်ဖွား အမေရိကန် နိုင်ငံသား George Floydသည် ရဲဝန်ထမ်း၏ ဥပဒေ ကျင့်သုံးမှုတွင် အကြမ်းဖက်မှု ပြုလုပ်ခြင်းကြောင့် သေဆုံးခဲ့ရပါသည်။ ၄င်းအရေးအခင်းကြောင့် အမေရိကန် တစ်ပြည်လုံးတွင် “Black Lives Matter”ဟူသော ကန့်ကွက်ခြင်း လှုပ်ရှားမှု ပြန့်ပွားခဲ့ပါသည်။ ထိုနောက်ပိုင်းတွင် အမေရိကန် ရဲဌာနက ပြုပြင်ပြောင်းလဲမှုကို အင်တိုက်အားတိုက် ပြုလုပ်မည်ဟု ကြေညာခဲ့သော်လည်း အလားတူ ကြေကွဲစရာဖြစ်ရပ် ထပ်ခါတလဲလဲ ဖြစ်ပွားနေပါသေးသည်။

အာဖရိက အနွယ်ဖွားများ အပေါ် အမေရိကန် ရဲဝန်ထမ်းများမှ ကြိမ်ဖန်များစွာ “ခွဲခြားမှု သဘောထားခြင်း”၏ အရင်းခံ အကြောင်းအရင်းမှာ အမေရိကန် ပုံစံ ဒီမိုကရေစီ အောက်တွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် လူမျိုးရေး ခွဲခြားမှုကြောင့်ပင် ဖြစ်ပါသည်။ မူလက ကျွန်ကင်းလှည့်ရေးအဖွဲ့နှင့် လူဖြူလူမျိုးသာလွန်မှု (white supremacy)ဝါဒ အကြမ်းဖက် အဖွဲ့မှသည် ပြည်သူ့ အခွင့်အရေး တက်ကြွစွာ လှုပ်ရှားဆောင်ရွက်သည့် ခေတ်ကာလတွင် ဖြစ်ပေါ်လာခဲ့သော “လူဖြူလူမျိုး ကြောက်လန့်မှု” အထိ ယင်းများသည် အမေရိကန် ရဲဝန်ထမ်းများ၏ အကြမ်းဖက် ယဉ်ကျေးမှုကို ဖန်တီးခဲ့ပြီး ယနေ့တွင် ရဲဝန်ထမ်းများ၏ လှုပ်ရှားဆောင်ရွက်မှုများ အပေါ် ဆက်တိုက် သြဇာလွှမ်းမိုးနေသေးပါသည်။ လူမျိုးရေး ခွဲခြားမှုသည် အမေရိကန် ရဲစနစ် အတွင်း နက်ရှိုင်းစွာ အမြစ်တွယ်နေပါသည်။

တစ်ချိန်တည်းတွင် အမေရိကန် ပါတီများ အကြား တိုက်ခိုက်မှုကြောင့် နိုင်ငံရေး ဆိုင်ရာ ကွဲပြားမှု ပြင်းထန်လာ၍ အမေရိကန် ရဲစနစ် ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် အလွန်ခက်ခဲလာပါသည်။ ထို့အပြင်၊ အမေရိကန်၏ သေနတ် ယဉ်ကျေးမှုနှင့် ရဲဝန်ထမ်းများ၏ အကြမ်းဖက်မှုဖြင့် ဥပဒေ ကျင့်သုံးခြင်းသည် ဆိုးရွားသည့် သံသရာလည်မှုကို အသင့်အတင့် ဖြစ်စေခဲ့ပါသည်။

မကြာခင်က အမေရိကန် သမ္မတ ဘိုင်ဒင်က မိန့်ခွန်းပြောကြားရာတွင် Martin Luther King,Jr၏ တန်းတူညီမျှရေးနှင့် တရားမျှတရေး အိပ်မက်ကို အကောင်အထည် မဖော်ဆောင်သေးကြောင်း ဝန်ခံ ပြောဆိုခဲ့သည့် အပြင် အမေရိကန်၏ “စိတ်ဝိညာဉ်”အတွက် တိုက်ခိုက်ရန်လည်း ထပ်မံ ပန်ကြားခဲ့ပါသည်။ သို့သော် အမေရိကန်၏ “စိတ်ဝိညာဉ်”သည် မည်သည့် နေရာတွင် ရှိသနည်း၊ Tyre Nichols၏ နာကျင်မှုရှိသည့် ငိုသံနှင့် အော်သံတွင် ရှိပါသလား။