အာဂျင်တီးနားနိုင်ငံသမ္မတ Alberto Fernandez အား သီးသန့်အင်တာဗျူးမေးမြန်းခြင်း

(GMT+08:00)2023-01-21 14:36:57  

အာဂျင်တီးနားနိုင်ငံသမ္မတ Alberto Fernandez သည် မကြာသေးမီက China Media Group ၏ သီးသန့်အင်တာဗျူးမေးမြန်းမှုအားဖြေကြားရာ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုသည် ကြီးမားသည့်အလားအလာရှိကြောင်း ပြောကြားခဲ့သည်။

Alberto Fernandez က တရုတ်နိုင်ငံ လက်ရှိကမ္ဘာ့ကုန်သွယ်ရေးအား ဦးဆောင်သူဖြစ်သည်မှာ ပြောစရာမလိုအောင်ပင်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အာဂျင်တီးနားနိုင်ငံအပေါ် အင်မတန်ဂရုပြုမှုရှိပါကြောင်း၊အထူးသဖြင့် သမ္မတ ရှီကျင့်ဖိန် က မိမိတို့အပေါ်ဂရုပြုမှုအား မိမိအလွန်အလေးထားကြောင်း၊ လက်တွေ့တွင် မိမိတို့သည် အင်မတန် ရင်းနှီးသည့်တွေ့ဆုံဆွေးနွေးမှုနှစ်ကြိမ်ရှိခဲ့ကြောင်း၊ သမ္မတ ရှီကျင့်ဖိန် သည် တရုတ်ကွန်မြူနစ်ပါတီ၏ခေါင်းဆောင်ဖြစ်ကြောင်း၊ မိမိသည် အာဂျင်တီးနား တရားမျှတမှုပါတီ (Partido Justicialista) ၏ခေါင်းဆောင်ဖြစ်ကြောင်း၊ မိမိတို့ အပြန်အလှန်ဆွေးနွေးရာတွင် တူညီသည့် ရည်မှန်းချက်များစွာ ရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့၏တွေ့ဆုံမှု နှစ်ကြိမ်သည် ပုံမှန်တွေ့ဆုံမှုနှင့်မတူညီသဖြင့် မိမိတို့က ပိုမိုပွင့်လင်း၊ ရင်းနှီးနက်ရှိုင်းစွာနှင့် မိတ်ဆွေများကဲ့သို့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြောင်း၊ မိမိသည် အဆိုပါအရာအားလုံးကို အင်မတန်အလေးထားကြောင်း ပြောကြားခဲ့သည်။

Alberto Fernandez က ဆက်လက်ပြောကြားရာမှာ အာဂျင်တီးနားလူမျိုးအနေဖြင့် တရုတ်နိုင်ငံအစိုးရက မိမိတို့ခက်ခဲသည့်အချိန်တွင် မိမိတို့နှင့်အတူရပ်တည်၍ ကူညီပေးခြင်းကို မိမိကအထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ သမ္မတ ရှီကျင့်ဖိန် ဆိုသည့် ကောင်းမွန်သည့်ဆက်ဆံရေးသည် ပိုကောင်းမွန်သည့်ဆက်နွယ်မှုကို ဖန် တီးပေး၍ အကွာအဝေးကို ပယ်ဖျက်ပေးနိုင်သည်ဟူသည်မှာ အင်မတန်မှန်ကန်သည်ဟု မိမိယူဆပါကြောင်း၊ အာဂျင်တီးနား-တရုတ် နှစ်ဦးနှစ်ဖက်က ဆက်ဆံရေးတိုးမြှင့်ရေး၊ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအပိုင်းတွင် အလားအလာကြီးမားပါကြောင်း၊ မိမိတို့ ချုပ်ဆိုထားသည့် “Belt and Road” ပူးပေါင်းဆောင်ရွက်မှု စာချုပ်စာတမ်းများအရ ကြည့်ပါက မိမိတို့သည် နှစ်ဦးနှစ်ဖက် ကုန်သွယ်ရေးကို ပိုမိုညီမျှအောင် ဆောင်ရွက်ပေးနိုင်ကြောင်း၊ ယင်းသည် အပြန်အလှန်အကျိုးဖြစ်ထွန်းခြင်းပင်ဖြစ်ပြီး မိမိတို့မဖြစ်မနေဆောင်ရွက်ရမည့်အလုပ်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မိမိတို့အဆိုပါရည်မှန်းချက်အား အကောင်အထည်ဖော်ဆောင်ရန် ကူညီပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

Alberto Fernandez က တရုတ်နိုင်ငံကအဆိုပြုသည့် တန်ဖိုးအရှိဆုံးအယူအဆသည် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု (Multilateralism) ကို လေးစားခြင်းပင်ဖြစ်သည်ဟု မိမိယူဆကြောင်း၊ မိမိတို့သည် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုအား အတူတကွထောက်ခံအားပေးကြောင်း၊ မိမိသည် ဗိုလ်ကျမှုကိုကန့်ကွက်ကြောင်း၊ ကမ္ဘာပေါ်တွင် ဗိုလ်ကျသည့်နိုင်ငံ ရှိနေသည်ကို မိမိမမျှော်လင့်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန် ၏အဆိုပြုချက်သည် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ကာ မိမိ တို့ နိုင်ငံတိုင်း၏အချုပ်အခြာအာဏာနှင့် ထူးခြားချက်ကို လေးစားရန် မျှော်မှန်းခြင်းဖြစ်ကြောင်း ပြောဆိုသည်။

အင်တာဗျူး နိဂုံးချုပ်အပိုင်းတွင် Alberto Fernandez က တရုတ်ပြည်သူများထံသို့ ဆုတောင်းမေတ္တာပို့သပြီး တရုတ်ပြည်သူများ ပျော်ရွှင်ဖွယ်ရာနှစ်သစ်ဖြစ်ပါစေ၊ ဘေးအန္တရာယ်ကင်း၍ စည်ပင်တိုးတက်ကာ သာယာချမ်းမြေ့သောမိသားစုဘဝကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်ဟု ပြောကြားခဲ့သည်။