နိုင်ငံအချို့မှ တရုတ် ခရီးသည်များ အပေါ် ခွဲခြားသည့် သဘောထားရှိခြင်းသည် အမြတ်မထွက်အရှုံးဖက်

(GMT+08:00)2023-01-19 14:25:39  

တရုတ်ပြည်၏ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးသည် အဆင့်ကာလသစ်သို့ ရောက်ရှိခဲ့ ပြီး နောက်ပိုင်းတွင် ပြည်တွင်းပြည်ပမှ ဝန်ထမ်းများ သွားလာမှု ပိုမို အဆင်ပြေလာကာ နိုင်ငံတကာ အသိုင်းအဝိုင်းမှလည်း ကောင်းမွန်စွာ ကြိုဆိုကြပါသည်။ သို့သော် နိုင်ငံ အနည်းစုသည် သိပံ္ပပညာနှင့် အဖြစ်မှန်ကို ကျောခိုင်းပြီး တရုတ် ခရီးသည်များ အပေါ် ခွဲခြားမှု ရှိသော  ကန့်သတ်ချက်များ ပြုလုပ် ကျင့်သုံးနေကြပါသည်။

အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယား ၃နိုင်ငံတို့သည် ယင်းနိုင်ငံ အနည်းစုကို ကိုယ်စားပြုနိုင်ပါသည်။ ဂျပန်နှင့် တောင်ကိုရီးယားတို့ဟာ တရုတ်ပြည်၏ အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြပြီး တရုတ်ပြည်နှင့် စီးပွားရေး ဆက်ဆံမှု ရင်းနှီး၍ တရုတ်ပြည်၏ ဝန်ထမ်းသွားလာမှု ပုံမှန်ပြန်ဖြစ်စေရေးကို ကြိုဆိုရမည်မှာ သဘာဝကျပါသည်။ သို့သော် ၄င်းတို့သည် အာရှတွင် အမေရိကန်၏ အဓိက မဟာမိတ် ဖြစ်ကြသဖြင့် အမေရိကန်က “အင်ဒို-ပစိဖိတ် မဟာဗျူဟာ”ဆိုသည်ကို အရှိန်မြှင့် တွန်းအားပေးနေသည့် အခြေအနေမျိုးတွင် အမေရိကန်နောက်ကိုလိုက်ပြီး တရုတ် ခရီးသည်များ အပေါ် ခွဲခြားမှု ရှိသော ကန့်သတ်ချက်များပြုလုပ်ကျင့်သုံးနေကြခြင်း ဖြစ်ပါသည်။ အမှန်တကယ်တော့ တရုတ် ခရီးသည်များက ဂျပန်နှင့် တောင်ကိုရီးယား စသည့် နိုင်ငံများ အပေါ်သို့ ကြီးမားသည့် ဘယ်လိုအန္တရာယ်မျိုးမှ ဆောင်ကြဉ်းလာမှာ မဟုတ်သည်ကို ၄င်းနိုင်ငံတို့၏ မူဝါဒ ချမှတ်သူများ အနေနှင့် ရှင်းရှင်းလင်းလင်း သိသင့်ပါသည်။

လွန်ခဲ့သည့် ၃နှစ် အတွင်း တရုတ်ပြည်သည် ကပ်ရောဂါ အခြေအနေနှင့် အညီ တင်းကျပ်သော ကပ်ရောဂါ တိုက်ဖျက်ရေး ဆောင်ရွက်ချက်များ ကျင့်သုံးခြင်းကြောင့် ကိုယ့်နိုင်ငံ အတွင်း ရောဂါ ကူးစက်ခံရသူ ဦးရေ နည်းပါးမှုကို ထိန်းထားနိုင်ခဲ့သည့် အပြင် တစ်ကမ္ဘာလုံး ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးခြင်း အတွက်လည်း အကျိုးပြု စွမ်းဆောင်နိုင်ခဲ့ပါသည်။ လွန်ခဲ့သည့် ဒီဇင်ဘာလတွင် တရုတ်ပြည်၏ ကပ်ရောဂါ တိုက်ဖျက်ရေးသည် အဆင့်ကာလသစ်သို့ ရောက်ရှိလာ သည်နှင့်အမျှ တိုတောင်းသည့် အချိန်ကာလ အတွင်း ပြည်တွင်း ကူးစက်ခံရသူ ဦးရေ တိုးလာခြင်းသည် မလွှဲရှောင်နိုင်သော ကိစ္စ ဖြစ်သော်လည်း ကပ်ရောဂါ အခြေအနေ တစ်ခုလုံးခြုံငုံ ကြည့်ခြင်းအားဖြင့် ထိန်းချုပ်နိုင်သေးပါသည်။ လက်ရှိတွင် တရုတ်ပြည် ဒေသများစွာသည် ရောဂါ ကူးစက်ပြန့်ပွားမှု အထွပ်အထိပ် အချိန်ကာလကို တည်ငြိမ်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး နေထိုင်မှုနှင့် အလုပ်လုပ်ကိုင်မှုများ တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာခဲ့ပြီ ဖြစ်ပါသည်။ လက်ရှိ ကမ္ဘာ့ စီးပွားရေး အားနည်းနေသေးသည့် အချိန်တွင် တရုတ် ခရီးသည်များ ဝင်ရောက်မှုအပေါ် ကန့်သတ်မှု ကျင့်သုံးခြင်းသည် သက်ဆိုင်ရာ နိုင်ငံများ၏ ခရီးသွားရေးနှင့် စီးပွားရေးကို သေချာပေါက် ထိခိုက်စေလိမ့်မည် ဖြစ်၍ ယင်းသည် အမြော်အမြင် မရှိသော လုပ်ရပ်တစ်ခု ဖြစ်ပါသည်။

လွန်ခဲ့သည့် ၃နှစ် အတွင်း တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား ၃နိုင်ငံတို့သည် စည်းလုံးညီညွတ်ပြီး ကပ်ရောဂါကို အတူပူးပေါင်းတိုက်ဖျက်ခဲ့ဖူးပါသည်။ လက်ရှိ တရုတ် ခရီးသည်များ အပေါ် ကန့်သတ်မှု ဆောင်ရွက်ချက်များ ကျင့်သုံးခြင်းသည် ဝမ်းနည်းဖွယ်ရာ ကိစ္စ ဖြစ်သော်လည်း တရုတ်ပြည်သည် ယင်းအပေါ် တာဝန် မရှိပေ။ ယင်းကိစ္စကို အကြောင်းပြုပြီး နိုင်ငံရေး ကြိုးကိုင်မှု ပြုလုပ်ပါက နိုင်ငံအချင်းချင်း ပေါင်းသင်းဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အခြေအနေ ပျက်ဆီးမည်သာ ဖြစ်ပါသည်။ သက်ဆိုင်ရာ နိုင်ငံများ အနေနှင့် ရှင်းရှင်းလင်းလင်း စဉ်းစားချင့်ချိန်ပြုလုပ်သင့်ပါသည်။