လက်ရှိတွင် မျိုးဗီဇပြောင်း XBB.1.5 ဗိုင်းရပ်စ်သည် အမေရိကန်တွင် လျင်မြန်စွာ ကူးစက်ပြန့်ပွားလျက်ရှိပြီး ရောဂါ ကူးစက်ခံရမှု၏ ၄၃ရာခိုင်နှုန်းကျော် ဖြစ်စေကာ အမေရိကန်တွင် ကူးစက်ပြန့်ပွားမှု အရှိန် အမြင့်ဆုံး မျိုးဗီဇပြောင်း ဗိုင်းရပ်စ် ဖြစ်လာပါသည်။ ကမ္ဘာတစ်ဝန်း တုပ်ကွေးရောဂါ မျှဝေရေး Database(GISAID)မှ စာရင်းအရ လွန်ခဲ့သည့် ၃နှစ် အတွင်း ကိုဗစ် ၁၉၏ မျိုးဗီဇပြောင်း ဗိုင်းရပ်စ် အမျိုးအစား အားလုံးနီးပါးသည် အမေရိကန်တွင် ကူးစက်ပြန့်ပွားခဲ့ဖူးပါသည်ဟု သိရပါသည်။ အဘယ်ကြောင့် အမေရိကန်သည် ဗိုင်းရပ်စ် မျိုးဗီဇပြောင်းလဲရန် အတွက် ပျိုးခင်း ဖြစ်လာသနည်း၊ အဘယ်ကြောင့် XBB.1.5 ဗိုင်းရပ်စ်သည် အမေရိကန်တွင် ယင်းသို့ အတိုင်းအတာ ကြီးမားသည့် ကူးစက်ပြန့်ပွားမှု ဖြစ်စေခဲ့သနည်း။ အမေရိကန်ဘက်သည် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို ကပ်ရောဂါ အခြေအနေနှင့် ပတ်သက်သည့် သတင်းအချက်အလက်နှင့် ဗိုင်းရပ်စ် အချက်အလက်များကို အချိန်မီ ပွင့်လင်းမြင်သာစွာ မျှဝေသင့်ပါသည်။ တစ်ကမ္ဘာလုံးသည် အမေရိကန်၏ ဖြေကြားချက်ကို စောင့်မျှော်နေကြပါသည်။
လွန်ခဲ့သည့် ၃နှစ် အတွင်း အမေရိကန်တွင် ကူးစက်ပြန့်ပွားခဲ့သည့် မျိုးဗီဇပြောင်း ဗိုင်းရပ်စ် အမျိုးအစားသည် အဆက်မပြတ် ပြောင်းလဲပြီး အမေရိကန်သည် ကူးစက်ပြန့်ပွားမှု အဆိုးရွားဆုံး နိုင်ငံ ဖြစ်လာပါသည်။ ယင်းနောက်ကွက်တွင် အဓိက အကြောင်းရင်းမှာ အမေရိကန်သည် ကပ်ရောဂါ အခြေအနေနှင့် ပတ်သက်သည့် သတင်း အချက်အလက်များ ထုတ်ပြန်ခြင်း ဆိုင်ရာ ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့် ဖြစ်ပါသည်။
လွန်ခဲ့သည့် ၃နှစ် အတွင်း အမေရိကန်၏ ကပ်ရောဂါ အချက်အလက်အတု လုပ်ခြင်းနှင့် ထုတ်ပြန်ခြင်းဆိုင်ရာ ပွင့်လင်းမြင်သာမှု မရှိခြင်းကို နိုင်ငံတကာ အသိုင်းအဝိုင်းသည် အကြိမ်ပေါင်း များစွာ ပြစ်တင်ရှုတ်ချခဲ့ပါသည်။ အမေရိကန် အစိုးရက ကပ်ရောဂါ အခြေအနေကို နိုင်ငံရေး ကိစ္စ အဖြစ် ကြိုးကိုင်လုပ်ဆောင်ခြင်း၊ သက်ဆိုင်ရာ သတင်းအချက်အလက်များကို ဖုံးကွယ်ခြင်းနှင့် လက်ဆော့ခြင်း ကြောင့် အမေရိကန်တွင် ကပ်ရောဂါ အခြေအနေကို မထိန်းချုပ်နိုင်ဘဲ ကမ္ဘာတစ်ဝန်း ရောဂါ တိုက်ဖျက်ရေး ဖြစ်စဉ်ကို ပြင်းထန်စွာ နှောင့်နှေးစေခဲ့ပါသည်။
လက်ရှိတွင် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့သည် XBB.1.5ကို Omicron၏ မျိုးဗီဇပြောင်း ဗိုင်းရပ်စ်များထဲတွင် ကူးစက်ပြန့်ပွားနိုင်စွမ်းအားအကောင်းဆုံး ဗိုင်းရပ်စ် အဖြစ် သတ်မှတ်ထားပြီး XBB.1.5ကြောင့် ပိုမိုများပြားသည့် လူများ ကူးစက်ခံရနိုင်မည်ဟု သတိပေး ပြောကြားပါသည်။ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အဆိုးရွားဆုံး ဖြစ်သည့် အမေရိကန်သည် ကပ်ရောဂါ အခြေအနေနှင့် ပတ်သက်သည့် အချက်အလက်များကို ထုတ်ပြန်သင့်ပါသည်။ တစ်ကမ္ဘာလုံးသည် သက်ဆိုင်ရာ အဖြစ်မှန်ကို သိရှိပိုင်ခွင့် ရှိပါသည်။