တရုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်း ပြုပြင်ကောင်းမွန်စေခြင်းမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းသစ်များ ဆောင်ကျဉ်းပေးလာသည်ဟု နိုင်ငံ များစွာမှ ပုဂ္ဂိုလ်များ ချီးကျူး ပြောကြား

(GMT+08:00)2023-01-10 17:13:19  

 လွန်ခဲ့သည့် ၃ နှစ်အတွင်းတွင် တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ရောဂါ တိုက်ဖျက်မှုတွင် ကြီးမားသော အောင်မြင်မှုများ ရရှိပြီး တစ်ကမ္ဘာလုံး ကိုဗစ်-၁၉ရောဂါ တိုက်ဖျက်မှုအတွက် ကြီးမားသော အကျိုးစွမ်းဆောင်မှု ပြုခဲ့ကြောင်း၊ မကြာမီက တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းကို ပြုပြင်ကောင်းမွန်စေခြင်းမှာ သိပ္ပံနည်းကျပြီး ထိရောက်ကြောင်း၊ လက်တွေ့အခြေအနေနှင့် ကိုက်ညီကြောင်း၊ တရုတ်နိုင်ငံနှင့် ကမ္ဘာ့ စီးပွားရေး နာလန်ပြန်ထူရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိပြီး စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရန် အခွင့်အလမ်းသစ်များ ဆောင်ကျဉ်းပေးလာကြောင်း နိုင်ငံများစွာမှ ပုဂ္ဂိုလ်များ က ချီးကျူးပြောကြားခဲ့ကြပါသည်။

ကာဇာတ်စတန်နိုင်ငံ နိုင်ငံတကာ ဥရောပ-အာရှသုတေသနအသင်း တရုတ်နှင့် အာရှ သုတေသနလုပ်ငန်း တာဝန်ရှိပုဂ္ဂိုလ် Anton Bugayenko က တရုတ်နိုင်ငံသည် ကိုယ့်နိုင်ငံ၏ လက်တွေ့အခြေအနေကို ရှေးရှုပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးမူဝါဒကို အချိန်နှင့် တပြေးညီ ပြုပြင်ကောင်းမွန်စေကာ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အပေါ် ကိုဗစ်-၁၉ရောဂါ၏ ထိခိုက်မှုကို လျှော့နည်းစေကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေး အားကောင်းစွာ နာလန်ပြန်ထူလာနိုင်သော ရှေ့အလားအလာ မျှော်လင့်နိုင်ဖွယ်ရာရှိကြောင်း ပြောကြားခဲ့ ပါသည်။

ရုရှားနိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးအသင်းဥက္ကဋ္ဌ Sergei Katlin က တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းကို တစ်ဆင့်တက် ပြုပြင်ကောင်းမွန်စေခြင်းသည် ရုရှားနိုင်ငံအတွက် အလွန်အရေးကြီးကြောင်း၊ ရုရှား-တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ကူးလူးဖလှယ်မှုကို များစွာ တိုးပွားလာစေပြီး ပိုမိုများပြားသော ကုန်သွယ်ရေးအခွင့်အလမ်းများကို ဆောင်ကျဉ်းပေးလာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။

စင်ကာပူနိုင်ငံ ပြည်လုံးဆိုင်ရာ ခရီးသွားလာရေးအဖွဲ့ချုပ် Outbound ရေးရာ ဥက္ကဋ္ဌ ဟွမ်ယောက်ရှုံက စင်ကာပူခရီးသည်များသည် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ချင်ကြောင်း၊ တရုတ်နိုင်ငံ၏ စားကောင်း သောက်ဖွယ်များ၊ ရှုခင်းသာများ၊ ရိုးရာ ယဉ်ကျေးမှုစသည်တို့ သည် ဆွဲဆောင်မှုရှိကြောင်း၊ တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းကို ပြုပြင်ကောင်းမွန်စေပြီးနောက် အနာဂတ်တွင် ပိုမို များပြားသော ခရီးသည်များသည် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ကြမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။