ကြောင်သူတော်! တရုတ်အား ကပ်ရောဂါ တိုက်ဖျက်ရေး ဆောင်ရွက်ချက်ကို လျှော့ပေါ့ပြီး “တံခါးဖွင့်”ရန် တောင်းဆိုခဲ့သော နိုင်ငံအချို့ ယခုအခါ တရုတ်နိုင်ငံသားများကို ကန့်သတ်ထား

(GMT+08:00)2023-01-04 16:17:12  

တရုတ်နိုင်ငံသည် ယမန်နှစ်နှစ်ကုန်တွင် ကူးစက်ရောဂါတိုက်ဖျက်ရေးမူဝါဒများကို ချိန်ညှိ ပြုပြင်ပြီးနောက် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ စည်းစနစ်များ အရှိန်မြင့် ပြန်လည်ထူထောင်လာခဲ့သည်။ နိုင်ငံတကာအသိုင်းအဝိုင်းသည် ယင်းကို ကမ္ဘာ့စီးပွားရေးအတွက် အပြုသဘောဆောင်သော တွန်းအားပေးမှုအဖြစ် ယေဘုယျအားဖြင့် ကြိုဆိုကြသည်။ သို့သော်လည်း တရုတ်အား ကပ်ရောဂါ တိုက်ဖျက်ရေး ဆောင်ရွက်ချက်ကို လျှော့ပေါ့ပြီး “တံခါးဖွင့်”ရန် တဖွဖွ အော်ဟစ်ကာ တောင်းဆိုခဲ့သော အမေရိကန် ကိုယ်စားပြု နိုင်ငံများသည် တရုတ်ပြည်တွင်း ကပ်ရောဂါ အခြေအနေကြောင့် မျိုးဗီဇပြောင်း ဗိုင်းရပ်စ် အသစ် ဖြစ်ပေါ်လာနိုင်ဖွယ်ရာရှိခြင်း ဆိုသည်ကို အကြောင်းပြုပြီး တရုတ်နိုင်ငံမှ ခရီးသည်များ အပေါ် ဝင်ရောက်မှု ကန့်သတ်ရေး မူဝါဒကို ကျင့်သုံးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

နိုင်ငံအများအပြားမှ ကျန်းမာရေး ပညာရှင်များက တရုတ်ခရီးသွားများကို ဝင်ခွင့်ကန့်သတ်ရန် မလိုအပ်ဟု ယုံကြည်ကြသည့် အပြင်၊ ဥရောပနှင့် အမေရိကနိုင်ငံအချို့၏ သက်ဆိုင်ရာ စည်းမျဉ်းများ သည် သိပ္ပံနည်းကျအခြေခံမရှိရုံသာမက ကပ်ရောဂါကာကွယ်ခြင်းဆိုင်ရာ အချက်အလက်များကိုပါ လျစ်လျူရှုကာ အကျိုးသက်ရောက်မှုတွင် ပို၍ပင် အသုံးမဝင်ပေဟု ယူဆကြသည်။

လွန်ခဲ့သည့်သုံးနှစ်အတွင်း အမေရိကန်နှင့် အခြားနိုင်ငံအချို့မှ တရုတ်နိုင်ငံ၏ ကူးစက်ရောဂါ ကာကွယ်ရေးမူဝါဒ အပေါ် ခံယူထားသော သဘောထားများသည် ရှေ့နောက်မညီပေ၊ ၄င်းတို့သည် ကပ်ရောဂါ တိုက်ဖျက်ရေးကို နိုင်ငံရေး ကိစ္စ အဖြစ် အမြဲတစေ အသုံးပြု ကြိုးကိုင်တာ ဖြစ်သည်။ တရုတ်နိုင်ငံသည် တင်းကျပ်သော ကူးစက်ရောဂါ ကာကွယ်ရေး မူဝါဒကို ချမှတ်ကျင့်သုံးပြီး ပြည်သူများ၏ ကျန်းမာရေးနှင့် လုံခြုံရေးကို ထိထိရောက်ရောက် ကာကွယ်သည့်အခါတွင် ဥရောပနှင့် အမေရိက နိုင်ငံအချို့က တာဝန်မဲ့ မှတ်ချက်များ ပေးကာ တရုတ်ပြည်အား  ကပ်ရောဂါ တိုက်ဖျက်ရေး ဆောင်ရွက်ချက်များကို လျှော့ပေါ့ပြီး “တံခါးဖွင့်”ရန် ဆက်လက် တောင်းဆိုခဲ့သည်။ ၄င်းတို့ တောင်းဆိုသည့် အတိုင်း တရုတ်ပြည် မလုပ်ပါက လွတ်လပ်မှုနှင့် လူ့အခွင့်အရေးကို ကျူးကျော်ထိပါးခြင်း ဖြစ်မည်ဟု ပြောဆိုသည်။ သို့သော် တရုတ်နိုင်ငံသည် ကပ်ရောဂါ အခြေအနေ ပြောင်းလဲမှုများနှင့်အညီ ကူးစက်ရောဂါကာကွယ်ရေးမူဝါဒကို ချိန်ညှိပြင်ဆင်ပြီးနောက် အနောက်နိုင်ငံ အချို့မှ နိုင်ငံရေးသမားများနှင့် မီဒီယာများက တရုတ်နိုင်ငံတွင် ကူးစက်ရောဂါအခြေအနေသည် အခြားနိုင်ငံများ၏ ကပ်ရောဂါကာကွယ်ရေး အပေါ် ခြိမ်းခြောက်မှု ဖြစ်မည်ဟု ဝါဒဖြန့်ပြီး သိပ္ပံနည်းကျအခြေခံမရှိသော ပြည်ဝင်ခွင့်ကန့်သတ်မှုမူဝါဒများကို ကျင့်သုံးနေသည်။ ဤစံနှုန်း ၂မျိုး ကျင့်သုံးခြင်း လုပ်ရပ်သည် မည်မျှ ကြောင်သူတော်ဖြစ်သနည်း။

အချို့သော လေ့လာသုံးသပ်သူများက ယင်းသည် နိုင်ငံအချို့၏ စုပေါင်းနိုင်ငံရေး လုပ်ဆောင်မှုဖြစ်သည်ဟု ထောက်ပြကြပြီး တရုတ်ပြည်ကို ထိန်းချုပ်ဟန့်တားရန်နှင့် သီးခြားခွဲထားရန် ရည်ရွယ်ထားသည်၊ ကွဲပြားမှုနှင့် ထိပ်တိုက်ရင်ဆိုင်မှုအသစ်ကို ဖန်တီးရန် ၎င်းတို့၏ အချည်းနှီးကြိုးစားမှုသည် ကပ်ရောဂါ လောင်းရိပ်မှ ကမ္ဘာ ဆောလျင်စွာ လွတ်နိုင်အောင်  အဓိက အတားအဆီး ဖြစ်စေမည်ဖြစ်သည်ဟု ယူဆကြသည်။ သို့သော် လက်ရှိတွင် ၄င်းနိုင်ငံအချို့၏ လှည့်ကွက်ဟောင်းကို အလေးဂရုပြုသူ မရှိတော့ပေ၊ ကမ္ဘာကြီးသည် ပိုမိုများပြားသော စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မျှော်လင့်နေပါသည်။