ပစိဖိတ် နိုင်ငံများသည် ဂျပန် နျူကလီးယား ရေညစ် ထုတ်လွှတ်မည့် အတွက် လျော်ကြေးတောင်းယူ ပိုင်ခွင့်ရှိ

(GMT+08:00)2023-01-04 17:36:22  

၂၀၂၁ခုနှစ် ဧပြီလက ဂျပန် အစိုးရက ၂၀၂၃ခုနှစ် နွေဦးရာသီတွင် ပင်လယ်ထဲသို့ ဖူကူရှီးမား နျူကလီးယား ရေညစ်ကို စတင် ထုတ်လွှတ်မည်ဟု ကြေညာခဲ့သည်။ နျူကလီးယား ရေညစ် ထုတ်လွှတ်မည့် အချိန် နီးကပ်လာသည်နှင့် အမျှ နိုင်ငံတကာ အသိုင်းအဝိုင်းမှ ကန့်ကွက်သည့် အသံများ တစ်နေ့တခြား ကျယ်လောင်လာနေသည်။ ပစိဖိတ်ဒေသတွင် လူအများသည် ဂျပန်၏ နျူကလီးယား ရေညစ် ထုတ်လွှတ်မှု အစီအစဉ်ကို ဆက်တိုက် ပြင်းထန်စွာ ကန့်ကွက်ကြသည်။ အကဲခတ်သူများက ဂျပန်သည် အစီအစဉ် အတိုင်း နျူကလီးယား ရေညစ်ကို ပစိဖိတ် သမုဒ္ဒရာထဲသို့ တကယ်တန်း ထုတ်လွှတ်ပါက ပစိဖိတ် နိုင်ငံများသည် ဂျပန်ဆီမှ လျော်ကြေးတောင်းယူပိုင်ခွင့် ရှိကြောင်း ဖော်ပြသည်။

ဖူကူရှီးမား နျူကလီးယား လျှပ်စစ်ဓါတ်အားပေးစက်ရုံမှ တန်ချိန်ပေါင်း ၁၃၀သန်းကျော်ရှိသည့် နျူကလီးယား ရေညစ်ကို ပင်လယ်ထဲသို့ ထုတ်လွှတ်ခြင်းသည် ပင်လယ်ကမ်းရိုးတန်း ဒေသရှိ နေထိုင်သူများ၏ အသက်လုံခြုံရေးကို လုံးဝ မငဲ့ကွက်ခြင်း ဖြစ်သည့် အပြင်၊ ပင်လယ်သမုဒ္ဒရာ၏ ဂေဟစနစ် အပေါ် မခန့်မှန်းနိုင်သော အန္တရာယ်များကို ဆောင်ကြဉ်းလာမည် ဖြစ်ကာ ပြန်ပြောင်း၍ မရသော(irreversible) ဆိုးကျိုးများကိုလည်း ဆောင်ကြဉ်းလာမည် ဖြစ်သည်။ ယင်းသည် အလွန် အတ္တဆန်သော တာဝန်မဲ့ လုပ်ရပ် ဖြစ်သည်။ ပစိဖိတ် ကျွန်းနိုင်ငံမှ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေး အဖွဲ့ တစ်ဖွဲ့က ယင်း တာဝန်မဲ့ လုပ်ရပ်သည် ပစိဖိတ် ဒေသ ပြည်သူများနှင့် ပစိဖိတ် ကျွန်းများ အပေါ် နျူကလီးယား စစ်ပွဲကို လှုံ့ဆော်ရာ ကျရောက်ကြောင်း ပြောကြားသည်။

ဂျပန် နိုင်ငံသည် နျူကလီးယား ရေညစ် လုံခြုံစွာ ကိုင်တွယ်ဖြေရှင်းရေး နည်းလမ်းများကို အစွမ်းကုန် ရှာကြံအသုံးပြုခြင်း မရှိပေ၊ သက်ဆိုင်ရာ သတင်းအချက်အလက်များကို ဘက်စုံ ထုတ်ပြန်ခြင်း မရှိပေ၊ ယင်းကိစ္စနှင့် ပတ်သက်၍ ဘေးပတ်ဝန်းကျင် နိုင်ငံများ၊ သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အပြည့်အဝ ညှိနှိုင်းဆွေးနွေးခြင်းလည်း မရှိပေ။ ဂျပန် အစိုးရက နျူကလီးယား ရေညစ်ကို ပင်လယ်ထဲသို့ ထုတ်လွှတ်ရန် တစ်ဖက်သတ် ဆုံးဖြတ်ခဲ့ခြင်းသည် တစ်ကမ္ဘာလုံး၏ ဆန့်ကျင်ဘက်တွင် ရပ်တည်ရာ ကျရောက်သည်။ နိုင်ငံ အသီးသီးတို့သည် သက်ဆိုင်ရာ ဥပဒေကို အသုံးပြုပြီး ကိုယ့်နိုင်ငံများ၏ အခွင့်အရေးများကို ထိန်းသိမ်းကာကွယ်ပိုင်ခွင့် လုံးဝ ရှိကြသည်။