တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ၂၀၂၃ ခုနှစ် နှစ်သစ်ကူး ဆုတောင်းစကား

(GMT+08:00)2022-12-31 20:50:41  

၂၀၂၃ ခုနှစ် ရောက်ခါတော့မည့် အခါသမယတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် China Media Groupနှင့် အင်တာနက်မှတစ်ဆင့် ၂၀၂၃ ခုနှစ် နှစ်သစ်ကူး ဆုတောင်းစကားကို ပြောကြားခဲ့ပါသည်။

အားလုံး မင်္ဂလာပါ။ ၂၀၂၃ ခုနှစ် ရောက်လာတော့မယ်၊ ကျွန်တော်က ပီကင်းကနေ အားလုံးတို့ကို နှစ်သစ်ကူး ဆုမွန်ကောင်း တောင်းပေးပါတယ်။


၂၀၂၂ ခုနှစ်မှာ ကျွန်တော်တို့ဟာ တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀)မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ အစည်းအဝေးကို ကျင်းပပြီး ဆိုရှယ်လစ် ခေတ်မီ နိုင်ငံကို ဘက်စုံ တည်ဆောက်ရေး စီမံကိန်းကို ရေးဆွဲ ချမှတ်ကာ တရုတ်အသွင်ပုံစံ ခေတ်မီရေးဖြင့် မွန်မြတ်သော တရုတ် အမျိုးသား ရှင်သန်ရေး အစီအမံများကို ချမှတ်ကာ ခရီးစဉ်သစ်သို့ ချီတက်ရန် ခရာမှုတ်လိုက်ပါတယ်။


တရုတ်နိုင်ငံဟာ ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေးနိုင်ငံ အဖြစ် ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပြီး စီးပွားရေး တည်ငြိမ်စွာ တိုးတက်လာကာ တစ်နှစ်တာလုံး ပြည်တွင်း ကုန်ထုတ်လုပ်မှု စုစုပေါင်းပမာဏဟာ ယွမ် ဘီလီယံ ၁ သိန်း ၂ သောင်းကျော် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ကျွန်တော်တို့ဟာ ဆင်းရဲမှု ပပျောက်ရေးဆိုင်ရာ အောင်မြင်မှုများကို ပိုမို ခိုင်ခံ့အောင် ဆောင်ရွက်ပြီး ကျေးလက်ရှင်သန်ရေးကို ဘက်စုံ တွန်းအားပေးကာ အခွန် လျှော့ချရေး စတဲ့ ဆောင်ရွက်ချက်များနဲ့ လုပ်ငန်းကုမ္ပဏီများအတွက် အခက်အခဲများ ဖြေရှင်းပေး၍ ပြည်သူလူထုများ ပူပန်စရာ ပြဿနာများကို ဖြေရှင်းပေးခဲ့ပါတယ်။


ကပ်ရောဂါ ဖြစ်ပွားခဲ့တဲ့ နောက်ပိုင်း ကျွန်တော်တို့ဟာ ပြည်သူများကို ထိပ်ဆုံးနေရာမှာ ထားခြင်း၊ အသက်ကို ထိပ်ဆုံးနေရာမှာထားခြင်းကို အစဉ်တစိုက် စွဲကိုင်ပြီး၊ သိပ္ပံနည်းကျကျ တိကျ ထိမှန်စွာ ထိန်းချုပ်ကာကွယ်ရေးကို စွဲကိုင်ကာ၊ လက်တွေ့ အခြေအနေအရ ထိန်းချုပ်ကာကွယ်ရေး ဆောင်ရွက်ချက်များ ပိုမို ကောင်းမွန်အောင် ချိန်ညှိ၍ ပြည်သူ့အသက်အလုံခြုံရေးနှင့် ကျန်းမာရေးကို အတတ်နိုင်ဆုံး ထိန်းသိမ်း ကာကွယ်ပေးခဲ့ပါတယ်။ အခု ကပ်ရောဂါ ထိန်းချုပ်ရေးဟာ အဆင့်ကာလသစ်သို့ ဝင်ရောက်ပြီ ဖြစ်ပြီး လူအများ အားလုံး ဇွဲရှိရှိဖြင့် ကြိုးပမ်းနေရာ အလင်းရောင်ဟာ ရှေ့မှာပဲ ဖြစ်တယ်။ အားလုံး ဆက်လက် ကြိုးစားပါဦး။ စွဲကိုင်ရင် အောင်မြင်ပါ့မယ်၊ သွေးစည်းညီညွတ်ရင် အောင်မြင်ပါ့မယ်။


၂၀၂၂ ခုနှစ်မှာ ရဲဘော် ကျန်ဇီမင်းက ကွယ်လွန်ခဲ့တယ်။ ကျွန်တော်တို့က သူ့ရဲ့ ဆန္ဒကို ဆက်ခံရမယ်၊ ခေတ်သစ်မှာ တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် လုပ်ငန်းကို ရှေ့သို့ တွန်းအားပေးရမယ်။


ယနေ့ တရုတ်နိုင်ငံသည် အိပ်မက်ကို ဆက်တိုက် အကောင်အထည် ဖေါ်နေတဲ့ တရုတ်နိုင်ငံ ဖြစ်ပါတယ်။ ပီကင်း ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၊ ဆောင်းရာသီ မသန်စွမ်းသူများ အိုလံပစ် အားကစားပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့တယ်။ ရှင်ကျိုး-၁၃၊ ၁၄၊ ၁၅တို့ကို ဆက်တိုက် လွှတ်တင်နိုင်ခဲ့ပြီး တရုတ် အာကာသစခန်းကို ဘက်စုံ ပြီးမြောက်အောင် တည်ဆောက်ခဲ့တယ်။ တတိယခုမြောက် လေယာဉ်တင်သင်္ဘော ဖူကျန့် ဟာ ရေချခဲ့ပြီး ပထမဆုံး C919 လေယာဉ်ကြီး ကို တရားဝင် လွဲှပြောင်းပေးအပ်ခဲ့တယ်။ မီးပွားကလေးများ စုစည်းပြီး မီးတိုင်ကြီး ဖြစ်လာနိုင်တယ်။ အဲဒါဟာ တရုတ် အင်အားပဲ ဖြစ်ပါတယ်။


ယနေ့ တရုတ်နိုင်ငံသည် ရှင်သန်မှု ပြည့်နှက်တဲ့ တရုတ်နိုင်ငံ ဖြစ်ပါတယ်။ ပင်လယ်ကမ်းရိုးတန်းဒေသများမှာ ဆန်းသစ်တီထွင်မှုများ ပြုလုပ်ပြီး အလယ်နဲ့ အနောင်ပိုင်းဒေသများမှာ လျင်မြန်စွာ တိုးတက်လာကာ အရှေ့မြောက်ပိုင်းဒေသမှာ တိုးတက်ရေး အရှိန် ကောင်းမွန်၍ နယ်စပ်ဒေသများမှ ပြည်သူများက ကြီးပွားချမ်းသာ လာနေပါတယ်။


ယနေ့ တရုတ်နိုင်ငံသည် အမျိုးသားစိတ်ဓါတ်ကို ဆက်ခံတဲ့ တရုတ်နိုင်ငံ ဖြစ်ပါတယ်။ ဒီနှစ်အတွင်း ငလျင်၊ မိုးခေါင်ရေရှားမှု၊ တောမီး စတဲ့ သဘာဝဘေးအန္တရာယ်များနဲ့ လုံခြုံရေး ဆိုင်ရာ မတော်တဆမှုများ ဖြစ်ပွားခဲ့တယ်။ ဒါပေမယ့် အသက်ပေးဆပ်ပြီး အပြန်အလှန် ဖေးမ ကူညီတဲ့ ဖြစ်ရပ်တွေဟာ လူအများ စိတ်လှုပ်ရှားစေကာ သူရဲကောင်းများရဲ့ ဖြစ်ရပ်တွေဟာ ကျွန်တော်တို့ စိတ်နှလုံးမှာ စွဲမြဲသွားမှာ ဖြစ်ပါတယ်။


ယနေ့ တရုတ်နိုင်ငံသည် ကမ္ဘာကြီးနှင့် နီးစပ်စွာ ဆက်နွှယ်ထားတဲ့ တရုတ်နိုင်ငံ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို အစဉ်တစိုက် မြတ်နိုးပြီး မိတ်ဆွေနဲ့ မိတ်ဖက်များကို အစဉ်တစိုက် တန်ဖိုးထားကာ သမိုင်းရဲ့ မှန်ကန်တဲ့ဘက်မှာ ပြတ်ပြတ်သားသား ရပ်တည်ပြီး လူသားများ ယဉ်ကျေးမှုရဲ့ အပြုသဘောဆောင်တဲ့ ဘက်မှာ ရပ်တည်ကား လူသားများရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး အတွက် တရုတ်ဉာဏ်၊ တရုတ် အဆိုပြုချက်ကို အစွမ်းကုန် ပေးဆောင်ပါတယ်။


လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်း တရုတ်ကွန်မြူနစ်ပါတီဟာ ခဲရာခဲဆစ်များကို ကျော်လွှားခဲ့ပြီး အဲဒီဖြစ်စဉ်ဟာ ခက်ခဲပေမဲ့ လွန်စွာ မွန်မြတ်ပါတယ်။ ကျွန်တော်တို့က ရဲရဲဝံ့ဝံ့ ရှေ့ကို ချီတက်ပြီး ကြိုးပမ်းအားထုတ်ကာ အနာဂတ် တရုတ်နိုင်ငံကို ပိုမို သာယာ လှပစေရပါတယ်။


အနာဂတ် တရုတ်နိုင်ငံဟာ ကြိုးပမ်း ဆောင်ရွက်ပြီး အံ့ဖွယ်များကို ဖန်တီးမယ်။ လက်တွေ့ကျကျ ဇွဲရှိရှိနဲ့ ကြိုးပမ်းပါက မွန်မြတ်တဲ့ ရည်မှန်းချက်ဟာ သာယာလှပစွာ အကောင်အထည် ဖေါ်ဆောင်ပါ့မယ်။


အနာဂတ် တရုတ်နိုင်ငံဟာ သွေးစည်းညီညွတ်ပြီး အင်အား တောင့်တင်းမယ်။ တရုတ်လူမျိုး သန်း ၁၄၀၀ ကျော်တို့က တက်ညီလက်ညီနဲ့ ကြိုးပမ်းပြီး တစ်လှေတည်းစီး တစ်ခရီးတည်း သွားရင် ဘာကိစ္စမဆို ဖြစ်အောင် လုပ်နိုင်မယ်၊ ဘာခဲရာခဲဆစ် မဆို ကျော်လွှားနိုင်မယ်။


အနာဂတ် တရုတ်နိုင်ငံဟာ လူငယ်များအပေါ် မျှော်လင့်ချက် ထားမယ်။ လူငယ်များဟာ တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်နဲ့ တိုးတက်ရေးစိတ်ဓါတ်ကို မွေးထုတ်ပြီး အချိန်ရှိခိုက် လုံ့လစိုက်ရမယ်။


အခုအချိန်မှာ လူတော်တော်များများက ပင်ပင်ပန်းပန်း အလုပ်လုပ်နေပါသေးတယ်။ နှစ်သစ် ခေါင်းလောင်း ထိုးပါတော့မယ်။ ကျွန်တော်တို့က အနာဂတ်အပေါ် သာယာသော မျှော်လင့်ချက်ထားပြီး ၂၀၂၃ ခုနှစ်ရဲ့ အလင်းရောင်ခြည်ကို အတူ ဆီးကြိုကြစို့။


နိုင်ငံတော် စည်ပင်ဝပြောပါစေ၊ နိုင်ငံတော် အေးချမ်းပြီး ပြည်သူများ ချမ်းမြေ့ပါစေ၊ ကမ္ဘာကြီး ငြိမ်းချမ်းသာယာချမ်းမြေ့ပါစေ၊ အားလုံး နှစ်သစ်ကူး ပျော်ရွှင်ပါစေ၊ လိုရာဆန္ဒ ပြည့်ပါစေလို့ ဆုတောင်းပါတယ်။