ဘရာဇီး “ဘောလုံးဘုရင်” ပီလီ ကွယ်လွန်

(GMT+08:00)2022-12-30 15:11:15  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဘရာဇီးနိုင်ငံ ဆောပိုလိုမြို့ရှိ Albert Einstein Israelite ဆေးရုံက ဘရာဇီးနာမည်ကြီးအားကစားသမား၊“ဘောလုံးဘုရင်”  ပီလီသည် အူမကြီးကင်ဆာကြောင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများ ချို့ယွင်းလာပြီး ထိုနေ့ ၁၅ နာရီ ၂၇ မိနစ်တွင် ကွယ်လွန်ခဲ့ကြောင်း၊ ကွယ်လွန်ချိန်တွင် အသက် ၈၂ နှစ်ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ပီလီ၏ သမီးဖြစ်သူ Kely Nascimento က “ကျွန်မတို့ရဲ့ အရာအားလုံးဟာ အဖေ့ကြောင့် ရရှိလာပါတယ်၊ ကျွန်မတို့ အဖေ့ကိုချစ်တယ်” ဟု ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။

ပီလီ၏ အမည်ရင်းမှာ Edson Arantes do Nascimento ဖြစ်ပြီး ၁၉၄၀ ပြည့်နှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဘရာဇီးနိုင်ငံ Tres Coracoes ၌ မွေးဖွားခဲ့သည်။ ၁၉၅၁ ခုနှစ်မှစ၍ Bauru Athletic Club ၌ တရားဝင် ဘောလုံးလေ့ကျင့်မှုကို စတင်ခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် ပီလီသည် ဘရာဇီး Santos FC တွင် ပရော်ဖက်ရှင်နယ်အဖြစ် စတင်ကစားခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် ဘရာဇီးဘောလုံးအသင်းတွင် ရွေးချယ်ခံခဲ့ရသည်။ ပီလီသည် ဘရာဇီးနိုင်ငံကို ကိုယ်စားပြု၍ ၁၉၅၈ ၊ ၁၉၆၂ ၊ ၁၉၇၀ တို့တွင် ကမ္ဘာ့ဖလားချန်ပီယံဆု သုံးကြိမ်တိုင် ဆွတ်ခူးရရှိခဲ့ပြီး ကမ္ဘာ့ဖလားချန်ပီယံဆု သုံးကြိမ်တိုင် ဆွတ်ခူးပေးခဲ့သော ကမ္ဘာ့တစ်ဦးတည်းသော ဘောလုံးကစားသမားဖြစ်ကာ “ဘောလုံးဘုရင်”  ဂုဏ်ပုဒ်ကို ရရှိခဲ့ပါသည်။ ၁၉၇၇ ခုနှစ်တွင် ပီလီသည် တရားဝင်အနားယူကြောင်း ကြေညာခဲ့သည်။ ထို့နောက်ပိုင်းတွင် သူသည် နိုင်ငံတကာအိုလံပစ်ကော်မတီ၊ ဖီဖာ စသည့်အဖွဲ့အစည်းများ၏ ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်းခံခဲ့ရပြီး “တိုင်းမ်”  မဂ္ဂဇင်း၏ ၂၀ ရာစု၌ သြဇာအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ပါဝင်ခဲ့ပါသည်။