တရုတ်နိုင်ငံ ဗဟို ကျေးလက်ဒေသလုပ်ငန်း အစည်းအဝေး ကျင်းပ၊ လယ်ယာစိုက်ပျိုးရေး အင်အားတောင့်တင်းသော နိုင်ငံ ဖြစ်လာအောင် ပိုမိုလျင်မြန်စွာ တည်ဆောက်ရန် စီမံခန့်ခွဲ

(GMT+08:00)2022-12-25 09:39:02  

   တရုတ်နိုင်ငံ ဗဟို ကျေးလက်ဒေသလုပ်ငန်း အစည်းအဝေးကို ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ ပီကင်း၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် လယ်ယာစိုက်ပျိုးရေး အင်အားတောင့်တင်းသော နိုင်ငံ ဖြစ်လာအောင် တည်ဆောက်ခြင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ခေတ်မီရေးကို တွန်းအားပေးခြင်း၊ ကျေးလက်ဒေသ ရှင်သန်ရေးကို ဘက်စုံ တွန်းအားပေးခြင်း စသဖြင့်ကို စီမံခန့်ခွဲ ထားပါသည်။

   အစည်းအဝေးတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က လယ်ယာစိုက်ပျိုးရေး အင်အားတောင့်တင်းသော နိုင်ငံ ဖြစ်ရေးသည် အင်အားတောင့်တင်းသော ဆိုရှယ်လစ် ခေတ်မီနိုင်ငံ ဖြစ်ရန် အခြေခံအုတ်မြစ် ဖြစ်ကြောင်း၊ ပြည်သူပြည်သားများ၏ သာယာလှပသော နေထိုင်မှုဘဝဆိုင်ရာ လိုလားချက်များကို ဖြည့်ဆည်းပေးခြင်း၊ အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေး ဖေါ်ဆောင်ခြင်းနှင့် နိုင်ငံတော် လုံခြုံရေး၏ အခြေခံ အုတ်မြစ် ခိုင်ခံ့စေခြင်းတို့သည် လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ခွဲမရကြောင်း၊ စားနပ်ရိက္ခာနှင့် အရေးကြီးသည့် လယ်ယာထွက်ကုန်များကို တည်ငြိမ် ဖူလုံစွာ ဖြန့်ဖြူးမှုကို အာမခံပေးခြင်းသည် လယ်ယာစိုက်ပျိုးရေး အင်အားတောင့်တင်းသော နိုင်ငံ ဖြစ်လာအောင် တည်ဆောက်ရေးလုပ်ငန်း၏ အရေးကြီးဆုံးသော အကြောင်းကိစ္စ ဖြစ်ကြောင်း ပြောကြားပါသည်။

   ဆက်လက်၍ ရှီကျင့်ဖိန်က ကျေးလက်ဒေသ ရှင်သန်ရေးကို ဘက်စုံ တွန်းအားပေးခြင်းသည် ခေတ်သစ်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း အင်အား တောင့်တင်းသောနိုင်ငံ ဖြစ်လာအောင် တည်ဆောက်ရေးဆိုင်ရာ အရေးကြီး လုပ်ငန်း တာဝန်ပင် ဖြစ်ကြောင်း၊ ဆင်းရဲမှု ပပျောက်ရေးဆိုင်ရာ အောင်ကျိုးရလဒ်များ ခိုင်ခံ့စေရေးနှင့် တစ်ဆင့်တိုး ဖွံ့ဖြိုးစေရေးတို့သည် ကျေးလက်ဒေသ ရှင်သန်ရေးကို ဘက်စုံ တွန်းအားပေးရေးဆိုင်ရာ အခြေခံ လုပ်ငန်းတာဝန်ပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။