ရှီကျင့်ဖိန်သည် လုပ်ငန်းအကြောင်းများ တင်ပြအစီရင်ခံရန် ပီကင်းသို့ လာရောက်သော လီကာချူနှင့် တွေ့ဆုံ

(GMT+08:00)2022-12-24 10:02:25  

   ယခုလ ၂၃ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရာထူးထမ်းဆောင်စဉ်အတွင်း လုပ်ငန်းအကြောင်းများကို တင်ပြအစီရင်ခံရန် ပီကင်းသို့ လာရောက်သော ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး လီကာချူနှင့် တွေ့ဆုံပြီး မျက်မှောက် ဟောင်ကောင်အခြေအနေနှင့် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အစိုးရ လုပ်ငန်းအခြေအနေဆိုင်ရာ ၄င်း၏ အစီရင်ခံချက်ကို ကြားနာခဲ့ပါသည်။

   ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀)မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံတွင် ခေတ်သစ် ခရီးစဉ်သစ်တွင် ပါတီနှင့် နိုင်ငံတော်၏ လုပ်ငန်းအရပ်ရပ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်ပြီး ဘက်စုံ စီမံခန့်ခွဲ ထားကြောင်း၊ “တိုင်းပြည်တစ်ပြည် စနစ် နှစ်မျိုး”သည် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ်ဆိုင်ရာ မွန်မြတ်သော ဆောင်ရွက်ချက် ဖြစ်ပြီး ဟောင်ကောင်နှင့် မကာအိုဒေသများ အမိနိုင်ငံ ရင်ခွင်သို့ ဝင်ရောက်ပြီးနောက် ရေရှည် စည်ပင်သာယာရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ရန် အကောင်းဆုံးသော စနစ်ဆိုင်ရာ အစီအမံ ဖြစ်ကြောင်း၊ ဗဟိုအစိုးရသည် “တိုင်းပြည်တစ်ပြည် စနစ် နှစ်မျိုး” မူဝါဒကို ဘက်စုံ တိကျမှန်ကန်စွာ ဦးလည်မသုန် ဖေါ်ဆောင်မည် ဖြစ်ပြီး အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူးနှင့် အထူးအုပ်ချုပ်ရေးဒေသ အစိုးရက ဥပဒေနှင့်အညီ စီမံအုပ်ချုပ်ခြင်းကို အစွမ်းကုန် ထောက်ခံမည် ဖြစ်ကာ၊ ဟောင်ကောင်ဒေသတွင် အထူးကောင်းမွန်သော အားသာချက်များကို ဖေါ်ဆောင်ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခြင်းကို အစွမ်းကုန် ထောက်ခံမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။