တရုတ်-သြစတြေးလျ ဆက်ဆံရေး ဦးတည်ချက်ကို ချိန်ညှိပြီး ထပ်မံတာထွက်

(GMT+08:00)2022-12-23 16:01:59  

ဒီဇင်ဘာလ ၂၁ ရက်တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် သြစတြေးလျဘုရင်ခံချုပ် Hurleyနှင့် ၀န်ကြီးချုပ် Albanese တို့အား ဂုဏ်ပြုသဝဏ်လွှာ အပြန်အလှန် ပေးပို့ခဲ့ပြီး နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် ၅၀ ပြည့်မြောက်ခြင်းကို ဂုဏ်ပြုကြောင်း ဖော်ပြခဲ့ကြပါသည်။ ထိုနေ့တွင်ပင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသည် ပေကျင်း၌ ဆဋ္ဌမအကြိမ်မြောက် တရုတ်-သြစတြေးလျ နိုင်ငံခြားရေးနှင့် မဟာဗျူဟာ ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်ကောင်းမွန်စေရေးနှင့် ပတ်သက်၍ သဘောတူညီမှုများစွာ ရရှိခဲ့ပါသည်။ တရုတ်-သြစတြေးလျ ဆက်ဆံရေးသည် နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အနေအထားကို လိုက်လျောညီထွေဖြစ်စေရန်၊ ယင်းအခြေခံပေါ်တွင် အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှမှုနှင့် အပြန်အလှန်အကျိုးရှိစေရေး၊ ကွဲပြားမှုများကို စီမံခန့်ခွဲရေးနှင့် ထိန်းချုပ်ရေးတို့ကို စွဲကိုင်ဆောင်ရွက်ရန် နှစ်ဖက်တို့ သဘောတူခဲ့ကြပါသည်။ တရုတ်-သြစတြေးလျ နိုင်ငံခြားရေးနှင့် မဟာဗျူဟာ ဆွေးနွေးပွဲမှ အကျိုးရလဒ်များ ဆိုင်ရာ ပူးတွဲကြေညာချက် ထုတ်ပြန်ရာ နှစ်နိုင်ငံ ဆက်ဆံရေး၊ စီးပွားကုန်သွယ်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များ အပါအဝင် နယ်ပယ်အသီးသီးတွင် ဆွေးနွေးမှုနှင့် ကူးလူးဆက်ဆံမှုများကို စတင်ရန် သို့မဟုတ် ပြန်လည်စတင်ရန်၊ နှစ်နိုင်ငံ အကြား ယဉ်ကျေးမှု ကူးလူးဖလှယ်ခြင်း ပြုလုပ်ရန် သဘောတူညီခဲ့ကြောင်း ဖော်ပြခဲ့ကြပါသည်။ ယင်းသည် တရုတ်-သြစတြေးလျ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရန် အတွက် အပြုသဘောဆောင်သည့် အချက်ပြလိုက်ခြင်း ဖြစ်ပါသည်။

အနာဂတ်ကို သိရန် အတိတ်ကနေ သင်ယူသင့်ပါသည်။ တရုတ်နှင့် သြစတြေးလျ အကြား ပေါင်းသင်းဆက်ဆံရာတွင် အချက်သုံးချက်ကို စွဲကိုင်ထားရန် လိုအပ်ပါသည်။ ယင်း ၃ချက်မှာ အပြန်အလှန် လေးစားမှု၊ သဘောကွဲလွဲမှုများကို ဖယ်ရှားပြီး သဘောတူညီမှုများကို ရှာကြံခြင်းနှင့်  အပြန်အလှန် အကျိုးရှိစေရေးတို့ ဖြစ်ပါသည်။ နှစ်ဖက်တို့သည် ထိတွေ့ဆက်ဆံမှုနှင့် ကူးလူးဖလှယ်မှုကို ထိန်းသိမ်းထားခြင်း၊ သဘောကွဲလွဲမှုကို သင့်လျော်ပြေလည်စွာ ဖြေရှင်းရေး၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးခြင်းနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ် တိုးမြှင့်ရေး နယ်ပယ် ၄ခုတွင် လာမည့် ကာလ နှစ်နိုင်ငံ ဆက်ဆံမှု ကောင်းမွန်တိုးတက်စေရေး အတွက် လမ်းပြမြေပုံကို ရေးဆွဲချမှတ်နိုင်မည် ဖြစ်သည်။ ၎င်းသည် တရုတ်နှင့် သြစတြေးလျ ပေါင်းသင်းဆက်ဆံရေိးု စုပေါင်းသုံးသပ်ချက်များ ဖြစ်ရုံသာမကဘဲ နှစ်နိုင်ငံ ဆက်ဆံမှု ကောင်းမွန်စေရေး အတွက် အသေးစိတ် ဆောင်ရွက်ချက်များလည်း ဖြစ်ပါသည်။ နှစ်ဖက်ဆက်ဆံရေး "ကနဦးစိတ်ကို ပြန်ရောက်ပြီး  ဦးတည်ချက်ကို မှန်ကန်စွာ ချိန်ညှိကာ ထပ်မံတာထွက်ရန်" အတွက်လည်း အထောက်အကူ ဖြစ်ပါသည်။

လက်ရှိတွင် တရုတ်နှင့် သြစတြေးလျတို့သည် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့်မြောက်ခြင်းကို အခွင့်ကောင်း အဖြစ် ယူပြီး နှစ်နိုင်ငံ ခေါင်းဆောင်များ၏ အရေးကြီးသော သဘောတူညီမှုကို အတူတကွ အကောင်အထည်ဖော်ဆောင်ကာ  နှစ်နိုင်ငံ ဆက်ဆံမှု ကောင်းမွန်တိုးတက်စေရေးကို တွန်းအားပေးသင့်သည်။ ခိုင်မာတည်ငြိမ်သော တရုတ်-သြစတြေးလျ ဆက်ဆံရေးသည် နှစ်နိုင်ငံပြည်သူများ၏ အခြေခံ အကျိုးစီးပွားနှင့် ကိုက်ညီရုံသာမကအာရှ-ပစိဖိတ်ဒေသနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စည်ပင်သာယာဝပြောရေးကို မြှင့်တင်ရန် အတွက်လည်း အကျိုးရှိပါသည်။