ရှီကျင့်ဖိန် သည် ဒီမီထရီ မက်ဗီဒက် နှင့် တွေ့ဆုံ

(GMT+08:00)2022-12-22 14:33:00  

ဒီဇင်ဘာလ ၂၁ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် တျောက်ယုထိုင် နိုင်ငံတော် ဧည့်ဂေဟတွင် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် United ရုရှားပါတီဥက္ကဋ္ဌ  ဒီမီထရီ မက်ဗီဒက် (Dmitry Medvedev) နှင့် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန် က လွန်ခဲ့သည့်၁၀နှစ်အတွင်းတွင် တရုတ်- ရုရှားဆက်ဆံမှုသည် နိုင်ငံတကာ အခြေအနေ ပြောင်းလဲမှုများမှ စိန်ခေါ်မှုများကို ခံနိုင်ရည် ရှိပြီး ခြေလှမ်း မှန်မှန်ဖြင့် ကောင်းမွန်စွာနှင့် အဆင့်အတန်းမြင့်စွာ ဖွံ့ဖြိုး တိုးတက်လာလျက်ရှိကြောင်း၊ တရုတ်နှင့် ရုရှားအကြား ခေတ်သစ်ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုဖွံ့ဖြိုးတိုးတက် စေခြင်းသည်  နှစ်ဦးနှစ်ဖက်တို့၏ ကိုယ်စီတိုင်းပြည်အခြေအနေကို အခြေခံပြီး ပြုလုပ်သော ရေရှည် မဟာဗျူဟာရွေးချယ်ချက် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့်အတူ ခေတ်သစ် တရုတ်-ရုရှားဆက်ဆံမှုကို အဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန်၊ တစ်ကမ္ဘာလုံး စီမံခန့်ခွဲမှုကို ပိုမိုတရားမျှတပြီး ကျိုးကြောင်းဆီလျော်သော ဦးတည်ချက်သို့ ဖွံ့ဖြိုးတိုးတက်စေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။

 ဒီမီထရီ မက်ဗီဒက် သည် ရုရှားနိုင်ငံသမ္မတ ပူတင် မှ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ထံသို့ ပေးပို့သောစာကို လွှဲပြောင်းပေးအပ်ပြီး ပူတင် ၏ ခင်မင်ရင်းနှီးစွာ နှုတ်ခွန်းဆက်သမှုနှင့် ကောင်းမွန်သော ဆုမွန်ကောင်းတောင်းမှုကို ရှီကျင့်ဖိန်အား တစ်ဆင့်ပြောပြခဲ့ပါသည်။  ဒီမီထရီ မက်ဗီဒက် က United ရုရှားပါတီအနေဖြင့် တရုတ်ကွန်မြူနစ်ပါတီနှင့်အတူ တိုင်းပြည် စီမံအုပ်ချုပ်ရေး အတွေ့အကြုံ ကူးလူးဖလှယ်မှု အားသစ်လောင်းပေးရန်၊ နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များမှ ရရှိခဲ့သည့် အရေးကြီးသော သဘောတူညီမှုများကို ကောင်းမွန်စွာ အကောင်အထည် ဖော်ရန်၊ နှစ်နိုင်ငံ စီးပွားကုန်သွယ်ရေး၊ စွမ်းအင်နှင့် လယ်ယာစိုက်ပျိုးရေးစသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ တွန်းအားပေးရန်၊ ရုရှား-တရုတ် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုတွင် ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည် ဖော်ဆောင်ဖို့ တွန်းအားပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။