သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး တရုတ်သို့ လာရောက်လည်ပတ်မည်

(GMT+08:00)2022-12-20 13:08:28  

      တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် က တရုတ်ကွန်မြူနစ် ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ၏ ဖိတ်ကြားချက်အရ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong သည် ဒီဇင်ဘာလ ၂၀ရက်နေ့မှ ၂၁ရက်နေ့အထိ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်မည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၉ရက်နေ့က ကြေညာခဲ့ပါသည်။

      ဒီဇင်ဘာလ ၁၉ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် မော်နင် က ယခုနှစ် ဒီဇင်ဘာလ ၂၁ရက်နေ့သည် တရုတ်-သြစတြေးလျနှစ်နိုင်ငံ သံတမန်အဆက်အသွယ် ထားရှိသည့် အနှစ်၅၀ ပြည့်မြောက်နှစ် အထိမ်းအမှတ်နေ့ ဖြစ်ကြောင်း၊ ဝန်ကြီး Penny Wong ၏ တရုတ်ခရီးစဉ်တွင် ဝမ်ယိ သည် Penny Wong နှင့် တွေ့ဆုံဆွေးနွေးပြီး အသစ်တစ်ကြိမ် တရုတ်-သြစတြေးလျနိုင်ငံခြားရေးနှင့် မဟာဗျူဟာမြောက်ဆွေးနွေးပွဲကို ကျင်းပမည်ဖြစ်ကြောင်း၊ ဝန်ကြီး Penny Wong ၏ ယခုအကြိမ်တရုတ်ခရီးစဉ်ဖြင့် နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များမှ ဘာလီကျွန်းတွင် တွေ့ဆုံဆွေးနွေးရာ၌ ရရှိခဲ့သည့် အရေးကြီးသဘောတူညီမှုများကို တစ်ဆင့်တိုးအကောင်အထည်ဖော်ရန်၊ နှစ်နိုင်ငံ သံတမန်အဆက်အသွယ်ထားရှိသည့် အနှစ် ၅၀ ပြည့်မြောက်သည့်နှစ်မှာ တစ်ဦးကို တစ်ဦးက လေးစားခြင်း၊ အပြန်အလှန် အကျိုးရရှိစေခြင်း၊ ကွဲလွဲမှုများကို ဖယ်ချန်ပြီး တူညီမှုများကို ရှာကြံခြင်း ဟူသောမူများကို စွဲကိုင်ထားကာ ဆွေးနွေးခြင်း တိုးမြှင့်ရန်၊ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ပြုလုပ်ရန်၊ သဘောကွဲလွဲမှုများ ထိန်းချုပ်ရန်၊ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်သော လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိပြီး ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ဖို့ တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။