အာဖဂန်အား အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးပြီး လက်သည်များကို အရေးယူရန် တရုတ် တိုက်တွန်း

(GMT+08:00)2022-12-14 17:23:16  

အာဖဂန်နိုင်ငံ ကာဘူးလ်မြို့တော်ရှိ တရုတ်နိုင်ငံသားများ တည်းခိုသော ဟိုတယ်တစ်ခုတွင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်၍ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က ယခုအကြိမ် အကြမ်းဖက်တိုက်ခိုက်မှုမှာ အလွန်ဆိုးယုတ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အရမ်း တုန်လှုပ်မိကြောင်း၊ အာဖဂန်နိုင်ငံအား ၄င်းအဖြစ်အပျက်ကို သေသေချာချာစုံစမ်း စစ်ဆေးပြီး လက်သည်များကို ပြင်းပြင်းထန်ထန်အရေးယူရန်၊ အာဖဂန်နိုင်ငံရှိ တရုတ်နိုင်ငံသားများနှင့် အဖွဲ့အစည်းများ၏ လုံခြုံရေး ကာကွယ်ထိန်းသိမ်းမှုကို ထိရောက်စွာမြှင့်တင်ရန် တိုက်တွန်းကြောင်း ဒီဇင်ဘာလ ၁၃ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ ပါသည်။

ဒီဇင်ဘာလ ၁၂ရက်နေ့က အာဖဂန်နိုင်ငံ ကာဘူးလ်မြို့တော်ရှိ တရုတ်နိုင်ငံသားများ တည်းခိုသော ဟိုတယ်တစ်ခုတွင် အမည်မသိသော လက်နက်ကိုင်သမားများ၏ အလစ်ဝင်တိုက်ခိုက်မှုကို ခံခဲ့ရပါသည်။ အကြမ်းဖက် သမား၃ယောက် ပစ်သတ်ခံရပြီး တရုတ်အရပ်သူအရပ်သားများ ဒဏ်ရာရရှိခဲ့ပါသည်။ အစွန်းရောက်အဖွဲ့အစည်းဖြစ်သည့် ISIS-K (Islamic State’s Khorasan Province) သည် ယခုအကြိမ်တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သည်ဟု ကြေညာခဲ့ပါသည်။