ဝမ်ယိ သည် Park Jin နှင့် ဗီဒီယိုပုံစံဖြင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2022-12-13 22:27:22  

ဒီဇင်ဘာလ ၁၂ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Park Jin နှင့် ဗီဒီယိုပုံစံဖြင့် တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။

      ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ယိ က တရုတ်နိုင်ငံအနေဖြင့် တောင်ကိုရီးယားနိုင်ငံနှင့်အတူ နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များမှ ရရှိခဲ့သည့် အရေးကြီးသဘောတူညီမှုများကို လက်တွေ့အကောင်အထည်ဖော်ပြီး တရုတ်- တောင်ကိုရီးယားဆက်ဆံရေး အတိတ်က အစဉ်အလာကောင်းကို လက်ဆင့်ကမ်း၍ အနာဂတ်ကဏ္ဍသစ်ကို ဖွင့်လှစ်ဖို့၊ ခြေလှမ်းမှန်မှန်ဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့  တွန်းအားပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။

အမေရိကန်နိုင်ငံမှ ချစ်ပ်နှင့်သိပ္ပံနည်းပညာဥပဒေ၊ ငွေကြေးဖောင်းပွမှု လျှော့ချရေးဥပဒေ ဆိုသည်ကို ရေးဆွဲချမှတ်ခြင်းနှင့် အမေရိကန် နိုင်ငံမှ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများကို ချိုးဖောက်ခဲ့သည်ဟူသော ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့၏ စီရင်ဆုံးဖြတ်ချက်ကို အမေရိကန်နိုင်ငံ၏ ငြင်းပယ်ခြင်းနှင့် ပတ်သက်၍ ဝမ်ယိက ရပ်တည်ချက်ကို ရှင်းလင်းဖော်ပြခဲ့ရာ အမေရိကန်နိုင်ငံ၏ လုပ်ရပ်မှာ တရုတ်နှင့် တောင်ကိုရီးယားအပါအဝင် နိုင်ငံအသီးသီးတို့၏ တရားဝင် အခွင့်အရေးကို သိသိသာသာထိခိုက်စေကြောင်း အလေးထားပြောကြားခဲ့ပါသည်။

Park Jin က တောင်ကိုရီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များမှ ရရှိခဲ့သည့် အရေးကြီးသဘောတူညီမှုများကို အကောင် အထည်ဖော်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုမြင့်မားသည့် အဆင့်သို့ အဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေဖို့ တွန်းအားပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။