တရုတ်နှင့် ပင်လယ်ကွေ့အာရပ်နိုင်ငံများ ဆက်ဆံမှုသည် တစ်ဆင့်တိုး ရှင်သန်ဖွံ့ဖြိုးသွားမည်

(GMT+08:00)2022-12-11 12:18:21  

ဒေသစံတော်ချိန် ယခုလ ၉ ရက်နေ့တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရီယတ် မြို့၌ ကျင်းပသော ပထမ အကြိမ် တရုတ်-ပင်လယ်ကွေ့အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။ နှစ်ဖက်တို့သည် တရုတ်နှင့် ပင်လယ်ကွေ့ အာရပ်နိုင်ငံများ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှုကို တည်ထောင် တွန်းအားပေးရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ယင်းသည် တရုတ်နှင့် ပင်လယ်ကွေ့ အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး၏ အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ထားပါသည်။

ထိပ်သီးအစည်းအဝေးတွင် တရုတ်နှင့် ပင်လယ်ကွေ့ အာရပ်နိုင်ငံများ အကြား မဟာဗျူဟာ ဆွေးနွေးရေး ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ဆောင်ရွက်ချက် စီမံကိန်းကိုလည်း အတည်ပြုပြီး နှစ်ဖက်အကြား နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်ပြီး လက်တွေ့ကျ အသေးစိတ် စီမံချက်များကိုလည်း ချမှတ်ထားပါသည်။

တရုတ်နှင့် ပင်လယ်ကွေ့ အာရပ်နိုင်ငံများသည် မည်သို့သော မဟာဗျူဟာမြောက် မိတ်ဖက် ဖြစ်ချင်သနည်း။ ရှီကျင့်ဖိန်က စည်းလုံးညီညွတ်မှုကို အတူ တွန်းအားပေးသော မိတ်ဖက် ဖြစ်ရန်၊ ဖွံ့ဖြိုးတိုးတက်မှုကို အတူ ရှာကြံသော မိတ်ဖက် ဖြစ်ရန်၊ လုံခြုံမှုကို အတူ တည်ဆောက်သော မိတ်ဖက် ဖြစ်ရန်နှင့် ယဉ်ကျေးမှု ထွန်းကားအောင် အတူ ဆောင်ရွက်သော မိတ်ဖက် ဖြစ်ရန် အပါအဝင် အဆိုပြုချက် လေးရပ်ကို ဖေါ်ပြထားပါသည်။ ယင်းသည် နှစ်ဖက်အကြားဆက်ဆံမှု တိုးတက်ရေးအတွက် လမ်းပြထားပါသည်။

သမိုင်း၏ အစပြုရာနေရာသစ်၌ ရပ်တည်ပြီး တရုတ်နှင့် ပင်လယ်ကွေ့အာရပ်နိုင်ငံများ ဆက်ဆံမှုသည် တစ်ဆင့်တိုး ရှင်သန်ဖွံ့ဖြိုးသွားမည်ဟု China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်တွင် ရေးသားဖေါ်ပြထားပါသည်။