ဤခရီးမှတ်တိုင်သည် တရုတ်-အာရပ်နိုင်ငံများ ပိုမို သာယာသော အနာဂတ်သို့ ချီတက်ရန် လမ်းပြမည်

(GMT+08:00)2022-12-11 12:17:29  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၉ ရက်နေ့တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရီယတ်မြို့၌ ကျင်းပသော ပထမ အကြိမ် တရုတ်-အာရပ်နိုင်ငံများ ထိပ်သီး အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားခဲ့ရာ၊ ပိုမို ရင်းနှီးသော တရုတ်-အာရပ်နိုင်ငံများ ကံကြမ္မာတူ အသိုက်အဝန်းကို တည်ထောင်ရမည်ဟု အလေးအနက် ပြောကြား၍ တရုတ်နှင့် အာရပ်နိုင်ငံများ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်ရေး “ပူးတွဲဆောင်ရွက်ချက် ၈ ရပ်” ကိုလည်း အဆိုပြုခဲ့ပါသည်။

မျက်မှောက်အချိန်တွင် ကမ္ဘာကြီးသည် အပြောင်းအလဲ များပြားပြီး ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူခြင်း အားနည်းပါသည်။ အနောက်နိုင်ငံ အချို့က တစ်ဖက်သတ်ဝါဒနှင့် ဗိုလ်ကျစိုးမိုးရေးဝါဒကို ကျင့်သုံးပြီး အခြားနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အနှောင့်အယှက် ပြုနေပါသည်။ ပိုမို ရင်းနှီးသော တရုတ်-အာရပ် ကံကြမ္မာတူ အသိုက်အဝန်း တည်ထောင်ခြင်းသည် နှစ်ဖက်တို့၏ ဖွံ့ဖြိုးရေး ရည်မှန်းချက်များ ဖေါ်ဆောင်ရန်အတွက် အထောက်အကူ ပြုနိုင်မည် ဖြစ်သည်။

ယခုအကြိမ် ထိပ်သီးအစည်းအဝေးတွင် ရှီကျင့်ဖိန်က လာမည့် သုံးနှစ်မှ ငါးနှစ်အထိ ဖြစ်သည့် အချိန်ကာလအတွင်း တရုတ်နိုင်ငံသည် အာရပ်နိုင်ငံများနှင့်အတူ “ပူးတွဲဆောင်ရွက်ချက် ၈ ရပ်” ကို တွန်းအားပေးလိုကြောင်း ဖေါ်ပြခဲ့ပါသည်။ အသေးစိတ် ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်များသည် ဖွံ့ဖြိုးမှုကို ထောက်ခံရေး၊ စားနပ်ရိက္ခာ လုံခြုံရေး၊ ကျန်းမာရေး၊ အစိမ်းရောင် ဆန်းသစ်တီထွင်ရေး၊ စွမ်းအင် လုံခြုံရေး၊ ယဉ်ကျေးမှု ဆိုင်ရာ ဆွေးနွေးရေး၊ လူငယ်များ ပြုစုပျိုးထောင်ရေး၊ လုံခြုံတည်ငြိမ်ရေး စသည့် နယ်ပယ် ၈ ရပ် ပါဝင်ပါသည်။

တရုတ်နိုင်ငံသည် အာရပ်နိုင်ငံများကို လိုအပ်သလို အာရပ်နိုင်ငံများသည်လည်း တရုတ်နိုင်ငံကို လိုအပ်ပါသည်။ ယခုအကြိမ် ထိပ်သီး အစည်းအဝေးသည် ခရီးမှတ်တိုင် တစ်ခုလို တရုတ်-အာရပ်နိုင်ငံများ ပိုမို သာယာသော အနာဂတ်သို့ ချီတက်ရန် လမ်းပြမည်ဟု China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်တွင် ရေးသားဖေါ်ပြထားပါသည်။