Élysée နန်းတော် ညစာစားပွဲမှ အိမ်ဖြူတော် နိုင်ငံတော် ဂုဏ်ပြုညစာစားပွဲ အထိ ဥရောပသည် အမေရိကန်ကို ရှင်းရှင်းလင်းလင်း သိမြင်လာ

(GMT+08:00)2022-12-04 15:22:42  

ယခုလ ၂ရက်နေ့က ပြင်သစ် သမ္မတ မာကရွန်းသည် ၃ရက်ကြာ အမေရိကန် ခရီးစဉ်ကို ပြီးဆုံးခဲ့သည်။ ယခုအကြိမ် ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ အမေရိကန်၏  “ငွေကြေးဖောင်းပွမှု လျှော့ချရေး ဥပဒေ”က ဥရောပ လုပ်ငန်းကုမ္ပဏီများအား ကင်းလွတ်ခွင့် ပေးဖို့ ရှာကြံရန် ဖြစ်သည်။ မာကရွန်းက အမေရိကန်သည် ပြင်သစ် အပေါ် မိတ်ဆွေကောင်း အဖြစ် လေးစားရန် မျှော်လင့်ကြောင်း၊ ဥရောပနှင့် အမေရိကန် အကြား စီးပွားရေး ညှိနှိုင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် တိုက်တွန်းကြောင်းလည်း ဖော်ပြသည်။ သို့သော် မာကရွန်း၏ ယခုအကြိမ် ခရီးစဉ်သည် မည်သည့် အကျိုးမျှ မရရှိခဲ့ပေ။

ယခုနှစ် သြဂုတ်လတွင် အမေရိကန် သမ္မတ ဘိုင်ဒင်သည်  “ငွေကြေးဖောင်းပွမှု လျှော့ချရေး ဥပဒေ”ကို လက်မှတ်ရေးထိုးပြီး အမေရိကန် ပြည်တွင်းတွင် ဘက်ထရီသုံးကားနှင့် အခြား မြစိမ်းရောင် နည်းပညာများ၏ ထုတ်လုပ်မှုနှင့် အသုံးပြုမှုကို တွန်းအားပေးရန် အတွက် ထောက်ပံ့ကြေး ပေးအပ်ခြင်း အပါအဝင် ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ချက်များစွာကို ကျင့်သုံးသည်။ ယင်းသည် ဥရောပ နိုင်ငံများအား များစွာ မကျေမနပ်ဖြစ်စေသည်။ ဥရောပ နိုင်ငံတို့က ၄င်းဥပဒေတွင် ကုန်သွယ်မှု ဆိုင်ရာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒကို ပါဝင်ပြီး ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့၏ စည်းမျဉ်း ဥပဒေကို ကျောခိုင်းခြင်း ဖြစ်ကာ ဥရောပ စက်မှု ကုန်ထုတ်လုပ်မှုကို ဆုတ်ယုတ်ကျဆင်းစေ၍ ဥရောပ လုပ်ငန်း ကုမ္ပဏီများကို ၄င်းတို့၏ ထုတ်လုပ်လိုင်းများကို အမေရိကန်သို့ ရွှေ့ပြောင်းစေမည် ဖြစ်ကြောင်း ယူဆကြသည်။

အိမ်ဖြူတော်တွင် မာကရွန်း အတွက် နိုင်ငံတော် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ သော်လည်း ၄င်း၏ တောင်းဆိုချက်နှင့် ပတ်သက်၍ ဘိုင်ဒင်က အမေရိကန်သည် ဥရောပကို ဝန်ချတောင်းပန်ရန် မလိုအပ်ကြောင်း၊ သို့သော် အနုညှိခြင်းကို လုပ်၍ ရကြောင်း ပြောကြားသည်။ ဂျာမနီ မီဒီယာက စီးပွားရေး အကျိုးစီးပွားပြဿနာနှင့် ပတ်သက်၍ အမေရိကန်သည် မိမိနိုင်ငံ အပေါ် ထာဝရ ဦးစားပေးမည် ဖြစ်ကြောင်း၊ ဥရောပတို့ အနေနှင့် ယင်းအပေါ် ကြည်လင်တဲ့ အသိအမြင်ရှိရကြောင်း ဖော်ပြသည်။

မာကရွန်းနှင့် အခြား ဥရောပ ခေါင်းဆောင်များ အတွက် အိမ်ဖြူတော်တွင် နိုင်ငံတော် ဂုဏ်ပြုညစာစားပွဲ ကျင်းပခြင်းသည် ဥရောပနှင့် အမေရိကန် အကြားရှိ နက်ရှိုင်းသော သွေးကွဲမှုကို မဖုံးကွယ်နိုင်သလို အမေရိကန် အနေနှင့် ဥရောပကို မဟာမိတ် အဖြစ် မည်သည့်အခါမျှ သဘောမထားခဲ့ဖူးဘဲ အမေရိကန်၏ ဗိုလ်ကျလွှမ်းမိုးရေး အာဏာ ထိန်းသိမ်းကာကွယ်ရန် လက်ကိုင်တုတ် အဖြစ် အမြဲ အသုံးပြုသည့် အဖြစ်မှန်ကိုလည်း မဖုံးကွယ်နိုင်ပါ။

မာကရွန်း အမေရိကန်သို့ ခရီးမလှည့်လည်ခင် အမေရိကန် Politico သတင်းစာတွင် အမေရိကန်သည် အမေရိကန်-ဥရောပ အကြား ကုန်သွယ်ရေး ထောက်ပံ့ကြေး ဆိုင်ရာ အငြင်းပွားမှုနှင့် ပတ်သက်၍ ပြင်သစ်နိုင်ငံနှင့် သဘောတူညီမှု မရရှိနိုင်ပါက နှစ်ဖက် အကြား ကုန်သွယ်မှုစစ်ပွဲကို လွှဲရှောင်၍ မရဖြစ်ကြောင်း ရေးသားဖော်ပြသည်။ ဥရောပသည် အမေရိကန်၏ အကြံယုတ်ကို ပိုပြီး ရှင်းရှင်းလင်းလင်း သိမြင်ပြီ ဖြစ်၍ မဟာဗျူဟာ ကိုယ်ပိုင်ဆုံးဖြတ်မှုကို ရှာကြံရန် ခြေလှမ်း မည်သည့်အခါမှ မရပ်တန့်သင့်ပါ။