Élysée နန်းတော် ညစာစားပွဲသည် ဥရောပ နိုင်ငံများ မဟာဗျူဟာ ကိုယ်ပိုင်ဆုံးဖြတ်မှု ရှာကြံရန် အတွက် ရှင်းလင်းပြတ်သားသော အချက်ပြလိုက်ခြင်း ဖြစ်

(GMT+08:00)2022-11-24 14:31:54  

ဒေသ စံတော်ချိန် ယခုလ ၂၁ရက်နေ့ညက ပြင်သစ် သမ္မတ မာကရွန်းသည် သမ္မတရုံး Élyséeနန်းတော်တွင် ညစာစားပွဲကို တည်ခင်းပြီး ဥရောပ လုပ်ငန်းရှင်များစွာကို ဧည့်ခံခဲ့သည်။ Ericsson၊Volvoနှင့် Unilever စသည့် လုပ်ငန်းကုမ္ပဏီများမှ အဆင့်မြင့် အရာရှိများသည် ၄င်းညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။ သို့သော် ၄င်းညစာစားပွဲသည် ဂုဏ်ပြုကြောင်း ညစာစားပွဲ မဟုတ်ဘဲ ၄င်းကုမ္ပဏီများအား ဥရောပတွင် ဆက်နေခိုင်းရန်တောင်းဆိုသည့် ညစာစားပွဲ တစ်ခု ဖြစ်သည်။

ဥရောပတွင် စွမ်းအင် ဈေးနှုန်းနှင့် ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်တက်လာသောကြောင့် ဥရောပ လုပ်ငန်းကုမ္ပဏီများသည် ဆက်လက် လုပ်ကိုင်ဆောင်ရွက်ရန် တင်းမာခက်ခဲသော အကျပ်အတည်းကို ရင်ဆိုင်နေရသည်။ သို့သော် အမေရိကန်တွင် စွမ်းအင် ဈေးနှုန်း တည်ငြိမ်ပြီး “ငွေကြေးဖောင်းပွမှု လျှော့ချရေး ဥပဒေ”အရ အမေရိကန် အစိုးရက ဒေသခံ လုပ်ငန်းကုမ္ပဏီများအား ထောက်ပံ့ကြေး ပေးအပ်ခြင်းကြောင့် ဥရောပ ကုမ္ပဏီများစွာသည် အမေရိကန်သို့ ရှေ့ဆင့်နောက်ဆင့် သွားရောက် လုပ်ကိုင်ကြသည်။

မာကရွန်းက အမေရိကန်သည် ကုန်သွယ်ရေး ဆိုင်ရာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဝါဒကို ကျင့်သုံးနေကြောင်း ဝေဖန်ပြောကြားသည်။ ဥရောပ သမဂ္ဂ အရာရှိများကလည်း အမေရိကန်သည် ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့၏ စည်းမျဉ်း ဥပဒေကို ကျောခိုင်းကြောင်း ပြစ်တင်ရှုတ်ချခဲ့ကြသည်။ ဒေသ စံတော်ချိန် ယခုလ ၂၂ရက်နေ့က ပြင်သစ်နှင့် ဂျာမဏီ နှစ်နိုင်ငံတို့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ကြ ရာ ဥရောပ စက်မှုလုပ်ငန်းကို ထိန်းသိမ်းကာကွယ်ပြီး အမေရိကန်၏ “ငွေကြေးဖောင်းပွမှု လျှော့ချရေး ဥပဒေ”ကို ပူးတွဲ သပိတ်မှောက်ကြမည် ဖြစ်ကြောင်း ဖော်ပြသည်။ တစ်ချိန်တည်းတွင် ဥရောပ နိုင်ငံများစွာက တရုတ်ပြည်နှင့် စီးပွားရေး ချိတ်ဆက်မှု ဖြတ်တောက်ရန် ဆန့်ကျင်ကြောင်း အသီးသီး ဖော်ပြကြသည်။ ယင်းသည် ဥရောပ နိုင်ငံများ အနေနှင့် လေးနက်စွာ စဉ်းစားပြီး နိုင်ငံတကာ ရေးရာများတွင် ပိုမိုဆင်ခြင်သည့် ရွေးချယ်မှု ပြုလုပ်နေခြင်းကို ပြဆိုနေသည်။

အမေရိကန်၏ “အမေရိကန်ကို ဦးစားပေးရေး”မဟာဗျူဟာ ကျင့်သုံးခြင်းကြောင့် ၄င်း၏ မဟာမိတ်များသည် ၄င်းနှင့် တဖြည်းဖြည်းခွဲခွါသွားသည်။ ဥရောပ နိုင်ငံများသည် အမေရိကန်နောက်လိုက်ခြင်းကို ပြောင်းလဲရန် ကြိုးပမ်းနေပြီး မဟာဗျူဟာ ကိုယ်ပိုင်ဆုံးဖြတ်မှုကို ရှာကြံနေသည်။ Élysée နန်းတော် ညစာစားပွဲသည် ယင်းအတွက် ရှင်းလင်းပြတ်သားသော အချက်ပြလိုက်ခြင်းပင် ဖြစ်သည်။