“အရေးပေါ် ကုသခန်းရှိဂြိုဟ်”ကို ကယ်ဆယ်ရေးအတွက် သော့ချက်မှာ ဖွံ့ဖြိုးပြီးနိုင်ငံများ ပြောသည့်အတိုင်း တကယ်တမ်း လုပ်ရန် ဖြစ်

(GMT+08:00)2022-11-22 14:06:02  

“ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု မူဘောင် ပဋိညာဉ် စာချုပ်” ၂၇ကြိမ်မြောက် စာချုပ်ဝင်များ ညီလာခံ (COP27)သည် ယခုလ ၂၀ရက်နေ့က အီဂျစ် နိုင်ငံ Sharm el Sheikhတွင် ကျင်းပပြီးစီးခဲ့သည်။ ညီလာခံတွင် ဆုံးဖြတ်ချက် ဆယ်ချီကို အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ယင်းအတည်ပြု ဆုံးဖြတ်ချက်များ အနက်

လူအများ အာရုံအစိုက်ဆုံး အောင်ကျိုးရလဒ်မှာ ဆုံးရှုံးနစ်နာမှုနှင့် ထိခိုက်မှု ရန်ပုံငွေ တည်ထောင်ရန် ခွင့်ပြုခြင်း ဖြစ်သည်။ ရည်ရွယ်ချက်မှာ ရာသီဥတု ပြောင်းလဲမှု၏ ဂယက်ရိုက်ခတ်မှု ခံရသော ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် ထိခိုက်လွယ်သည့် နိုင်ငံများကို ကူညီပံ့ပိုးရန် ဖြစ်သည်။

    ယင်းသည် ရရှိရန် မလွယ်ကူသည့် အောင်ကျိုးရလဒ် ဖြစ်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ အရေးတကြီး လိုအပ်ချက်ကို တုံ့ပြန်ကာ တစ်ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ပြောင်းလဲမှု ရင်ဆိုင်ရေး ဖြစ်စဉ် အတွက် အပြုသဘောဆောင်သော တွန်းအားပေးမှုလည်း ဖြစ်သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António  Guterres က ကြေညာချက် ထုတ်ပြန်ခဲ့ရာ ၄င်းညီလာခံသည် တရားမျှတမှု တိုးပွားစေရန်အတွက် အရေးကြီးသည့် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ကြောင်း ဖော်ပြသည်။

တရုတ်ပြည်သည် အကြီးဆုံး ဖွံ့ဖြိုးဆဲ နိုင်ငံ ဖြစ်ပြီး ရာသီဥတု ပြဿနာ ရင်ဆိုင်ဖြေရှင်းရေး ဆိုင်ရာ လက်တွေ့ဆောင်ရွက်သူလည်း ဖြစ်သည်။ ယခုအကြိမ် ညီလာခံတွင် တရုတ် ကိုယ်စားလှယ်အဖွဲ့သည် ခေါင်းစဉ် ၁၀၀ခန့်နှင့် ပတ်သက်သော ညှိနှိုင်းဆွေးနွေးပွဲများတွင် ဘက်စုံနက်ရှိုင်းစွာ ပါဝင်ဆောင်ရွက်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုးစီးပွားကို ပြတ်သားစွာ ထိန်းသိမ်းကာကွယ်ကာ ညီလာခံတွင် အပြု သဘောဆောင်သော အောင်ကျိုးရလဒ်များ ရရှိရန်အတွက် အရေးကြီးသည့် အကျိုးပြုမှုကို စွမ်းဆောင်ခဲ့သည်။ တရုတ် ကွန်မြူနစ်ပါတီ အကြိမ် ၂၀မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ၏ အစီရင်ခံစာတွင် လူသားနှင့် သဘာဝ အကြား သဟဇာတ ဖြစ်သည့် ခေတ်မီရေးကို တည်ဆောက်ရမည်ဟု အလေးထား ဖော်ပြသည်။ အမေရိကန် The Wall Street Journalက ရာသီဥတု ပြောင်းလဲမှု ရင်ဆိုင်ရေးတွင် တရုတ်ပြည်၏ ဆောင်ရွက်မှုသည် ၄င်း၏ ကတိပြုချက်ကို ကျော်လွန်ခဲ့ပြီ ဖြစ်ကြောင်း ရေးသားဖော်ပြသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Guterresက “မိမိတို့ ကမ္ဘာမြေကြီးသည် အရေးပေါ် ကုသခန်းတွင် ရှိနေကြောင်း”ပြောကြားသည်။ လူအများသည် ၄င်းပြောဆိုချက်ကို လေးနက်စွာ စဉ်းစားရန် လိုအပ်သည်။ ပါရီ သဘောတူ စာချုပ်ကို အကောင်အထည် ဖော်ဆောင်ရေး အတွက် ကြွေးကြော်သံ အော်ဟစ်ရန် မဟုတ်ဘဲ လက်တွေ့ဆောင်ရွက်ရန် လိုအပ်သည်။ COP27တွင် အောင်ကျိုးရလဒ်များ ရရှိခဲ့သည်။ သို့သော် ရာသီဥတု ပြောင်းလဲမှု ရင်ဆိုင်ဖြေရှင်းရေး ဆောင်ရွက်မှုများသည် စိန်ခေါ်မှု များစွာကို ရင်ဆိုင်နေရ၍ နောက်ဆက်တွဲ လုပ်စရာ အများကြီး ရှိနေသေးသည်။ သော့ချက်မှာ ဖွံ့ဖြိုးပြီး နိုင်ငံများ အနေနှင့် ပြောကြားသည့် အတိုင်း တကယ်တမ်း လုပ်ဆောင်ရန် ဖြစ်သည်။