အာရှနှင့် ပစိဖိတ် ကံကြမ္မာတူ အသိုက်အဝန်းကို အတူ တည်ဆောက်၊ တရုတ်ပြည်သည် နိုင်ငံကြီး၏ တာဝန်သိမှုကို ပြသ

(GMT+08:00)2022-11-21 13:58:02  

    အာရှနှင့် ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့(APEC) ၂၉ကြိမ်မြောက် ထိပ်သီး ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးကို ယခုလ ၁၉ရက်နေ့က ထိုင်းနိုင်ငံတွင် ကျင်းပပြီးစီးခဲ့သည်။ အစည်းအဝေး ကျင်းပစဉ် အတွင်း တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် အာရှနှင့် ပစိဖိတ် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးနှင့် ဒေသတွင်း စီးပွားရေး တစ်ပြေးညီ ဖြစ်စေရေး တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ အရေးကြီး အဆိုပြုချက်နှင့် ခံယူချက်များကို တင်ပြခဲ့ပြီး အစည်းအဝေးမှ အတည်ပြု ပြဋ္ဌာန်းခဲ့သည့် အောင်ကျိုးရလဒ် စာတမ်းတွင် တရုတ်ပြည်၏ သက်ဆိုင်ရာ မူဝါဒ ဆိုင်ရာ ခံယူချက်များကို ပြသထားသည်။ နိုင်ငံတကာ မီဒီယာများက သမ္မတ ရှီကျင့်ဖိန်၏ အရေးကြီး ပြောကြားချက်များသည် တစ်ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေး၏ “အာရှ အခိုက်အတန့်”ကို ထွန်းညှိခဲ့ပြီး တရုတ်ပြည်သည် ဘုံစိန်ခေါ်မှုများကို ရင်ဆိုင်ရေး အတွက် ဘက်အသီးသီးကို စည်းလုံးညီညွတ်စေရန် ဦးဆောင်မှု အင်အား ဖြစ်လာသည်။

APECသည် အာရှနှင့် ပစိဖိတ် ဒေသတွင်း အရေးအကြီးဆုံးသော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်း ဖြစ်သည်။ လက်ရှိတွင် ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရှေ့အလားအလာ ရှင်းလင်းပြတ်သားမှု မရှိသေးဘဲ နိုင်ငံအချို့သည် စစ်အေး အတွေးအခေါ် ပါဝင်သည့် “အင်ဒို-ပစိဖိတ် မဟာဗျူဟာ”ကို ကျင့်သုံး၍ အာရှနှင့် ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှု အပေါ် ဆိုးရွားစွာ အနှောင့်အယှက် ပေးနေသည်။ ယခုအကြိမ် APEC အစည်းအဝေးတွင် သမ္မတ ရှီကျင့်ဖိန်သည် အခြေအနေသစ်တွင် အာရှနှင့် ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရေး ဆိုင်ရာ တွေးခေါ်နည်း ၆ချက်ကို ရှင်းလင်း ပြောကြားပြီး အေးချမ်းတည်ငြိမ်သော၊ အတူတကွ ချမ်းသာကြွယ်ဝသော၊ သန့်စင်ပြီး သာယာလှပသော၊ အချင်းချင်း ကာကွယ်စောင့်ကြပ်ထောက်ကူကြသော အာရှနှင့် ပစိဖိတ် ကံကြမ္မာတူ အသိုက်အဝန်းကို တည်ဆောက်ရန် ပန်ကြားကာ “စစ်မှန်သော ဘက်ပေါင်းစုံ ဝါဒကို စွဲကိုင်ပြီး ဘက်ပေါင်းစုံ ကုန်သွယ်ရေး စနစ်ကို ထိန်းသိမ်းကာကွယ်ရမည်၊ အားလုံး ပါဝင်နိုင်ပြီး အကျိုးရရှိစေရေးကို စွဲကိုင်ပြီး အပြန်အလှန် အကျိုးရရှိစေရေးကို အကောင်အထည် ဖော်ဆောင်ရမည်၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရာတွင် တံခါးဖွင့်မှုကို စွဲကိုင်ပြီး အာရှနှင့် ပစိဖိတ် စည်ပင်သာယာရေးကို အတူတကွ တိုးမြှင့်ရမည်” ဟု အလေးထား ပြောကြားသည်။ အရှေ့တောင် အာရှ အကဲဖြတ် သုံးသပ်သူများက အာရှနှင့် ပစိဖိတ် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးသည် ဒေသတွင်း ပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ရှာကြံရန် ဘုံလိုအင်ဆန္ဒကို ရောင်ပြန်ထင်ဟပ်ပြီး အာရှနှင့် ပစိဖိတ် ပူးပေါင်း ဆောင်ရွက်မှု၏ မှန်ကန်သော လားရာကို ထိန်းသိမ်းကာကွယ်ရေး အတွက် အထောက်အကူ ဖြစ်ကာ နိုင်ငံကြီး တစ်နိုင်ငံ အနေနှင့် တရုတ်ပြည်၏ တာဝန်သိမှုကို ပြသနေကြောင်း ဖော်ပြသည်။ အာရှနှင့် ပစိဖိတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် စိန်ခေါ်မှုများ ရင်ဆိုင်နေရသော လက်ရှိအချိန်၌ တရုတ်ပြည်၏ တံခါးဖွင့်မှု စွဲကိုင်ပြီး ကိုယ့်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို အတူ မျှဝေခြင်းသည် အာရှနှင့် ပစိဖိတ် စီးပွားရေး အုပ်စုများ၏ ယုံကြည်မှုနှင့် လုံခြုံစိတ်ချမှုကို တိုးပွားစေသည်။

တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှုသည် အာရှနှင့် ပစိဖိတ်နှင့် ခွဲ၍ မရသလို အာရှနှင့် ပစိဖိတ်၏ စည်ပင်သာယာရေးသည်လည်း တရုတ်ပြည်နှင့် ခွဲ၍ မရပေ၊ ခေတ်မီရေးသို့ အဆက်မပြတ် ချီတက်နေသော တရုတ်ပြည်သည် ကိုယ့် ဖွံ့ဖြိုးတိုးတက်မှုသစ်ဖြင့် အာရှ၊ ပစိဖိတ်နှင့် ကမ္ဘာ အတွက် ပိုမို များပြားသော အခွင့်အလမ်းသစ်များကို ဖန်တီးပေးမည်မှာ မုချမလွဲ ဖြစ်သည်။