ရှီကျင့်ဖိန်သည် နယူးဇီလန်ဝန်ကြီးချုပ် မဒမ် အာဒန်နှင့် တွေ့ဆုံ

(GMT+08:00)2022-11-19 16:39:38  

    ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၈ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် မဒမ် အာဒန်နှင့် ထုင်းနိုင်ငံ ဘန်ကောက်မြို့၌ တွေ့ဆုံခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် နယူးဇီလန်နိုင်ငံအား အရေးကြီးသော မိတ်ဖက်နှင့် မိတ်ဆွေ နိုင်ငံအဖြစ် သဘောထားကြောင်း၊ မိမိတို့သည် စီးပွားကုန်သွယ်ရေး၊ သိပ္ပံနည်းပညာနှင့် ပညာရေး စသောနယ်ပယ်များ၌ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေပြီး အဆင့်မြှင့်တင်ထားသော တရုတ်-နယူးဇီလန် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်နှင့် RCEP တို့ကို ကောင်းမွန်စွာ အကောင်အထည်ဖော်သင့်ကြောင်း၊ တရုတ်နိုင်ငံသည် နယူးဇီလန်နိုင်ငံနှင့်အတူ ပစိဖိတ်ကျွန်းနိုင်ငံများဒေသ၏ ငြိမ်းချမ်းတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးတို့ကို တွန်းအားပေးရန် ဆန္ဒရှိကြောင်း ပြောကြားပါသည်။

မဒမ် အာဒန်က နှစ်ဖက်တို့အနေနှင့် ယခုနှစ် တရုတ်-နယူးဇီလန် နှစ်နိုင်ငံ သံအဆက်အသွယ်ထူထောင်ခဲ့သည့် နှစ်၅၀ပြည့်မြောက်ခြင်းကို အခွင့်ကောင်းယူပြီး အတွေ့အကြုံများကို သေချာစွာ ပေါင်းစည်း၍ အဆင့်မြင့်ကူးလူးဖလှယ်မှုကို အားဖြည့် ပြုလုပ်ကာ စီးပွားကုန်သွယ်ရေး၊ ပညာရေးနှင့် ရာသီဥတုပြောင်းလဲမှုရင်ဆိုင်ရေး စသောနယ်ပယ်များ၌ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေသင့်ကြောင်း၊ နယူးဇီလန်နိုင်ငံသည် တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူဝါဒကို ပြတ်သားစွာ စွဲကိုင်ပြီး တရုတ်နိုင်ငံနှင့် ဆက်သွယ်မှုကို အားသစ်လောင်းပေးရေး၊ သိရှိနားလည်မှုတိုးမြှင့်ရေးကို ကြိုးပမ်းအားထုတ်ကာ တောင်ပစိဖိတ် ရေးရာများနှင့်ပတ်သက်၍ နက်ရှိုင်းစွာ ကူးလူးဖလှယ်ပြီး အာရှ-ပစိဖိတ်ဒေသ စည်ပင်သာယာရေးနှင့် တည်ငြိမ်ရေးကို တွန်းအားပေးဖို့ အကျိုးပြုစွမ်းဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားပါသည်။