ရှီကျင့်ဖိန်နှင့် ဂျပန်ဝန်ကြီးချုပ် Fumio Kishida တွေ့ဆုံ

(GMT+08:00)2022-11-18 15:26:22  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၇ ရက်နေ့က တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဂျပန်ဝန်ကြီးချုပ် Fumio Kishida နှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ယခုနှစ်တွင် တရုတ်-ဂျပန် သံတမန်အဆက်အသွယ် ပုံမှန် ပြန်ဖြစ်လာသည့် နှစ် ၅၀ ပြည့်မြောက်နှစ် အထိမ်းအမှတ် ပြုလုပ်ကြကြောင်း၊ လွန်ခဲ့သည့် နှစ် ၅၀ အတွင်း နှစ်ဖက်တို့သည် နိုင်ငံရေးစာတမ်းလေးခုနှင့် အရေးကြီး သဘောတူညီမှုများကို ရရှိပြီး နယ်ပယ်အသီးသီးမှ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အောင်ကျိုးရလဒ် များစွာ ရရှိကာ နှစ်နိုင်ငံပြည်သူများကို အရေးကြီးသောအကျိုးများ ဆောင်ကြဉ်းပေးသည့်အပြင် ဒေသတွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် သာယာဝပြောရေးကိုလည်း မြှင့်တင်ပေးခဲ့ကြောင်း၊ တရုတ်-ဂျပန် နှစ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး အာရှနှင့် ကမ္ဘာပေါ်ကအရေးပါသော နိုင်ငံများဖြစ်ကာ ဘုံအကျိုးစီးပွားနှင့် ဘုံပူးပေါင်းဆောင်ရွက်နိုင်ဖွယ်ရာများရှိကြောင်း၊ တရုတ်-ဂျပန် ဆက်ဆံရေး၏ အရေးပါမှုသည် ပြောင်းလဲမှု မရှိဘဲ ပြောင်းလဲမှာလည်း မဟုတ်ကြောင်း၊ တရုတ်နိုင်ငံသည် နှစ်နိုင်ငံဆက်ဆံရေး၏ ဦးတည်ချက်ကို မဟာဗျူဟာရှုထောင့်အရ သဘောထားပြီး ခေတ်သစ် လိုအပ်ချက်နှင့် ကိုက်ညီသော တရုတ်-ဂျပန် ဆက်ဆံရေးကို ဂျပန်ဘက်နှင့်အတူ တည်ဆောက်လိုပါကြောင်း ပြောကြားသည်။ 

Fumio Kishida က လွန်ခဲ့သည့်နှစ် အောက်တိုဘာလက မိမိတို့သည် ခေတ်သစ် လိုအပ်ချက်နှင့် ကိုက်ညီသော ဂျပန်-တရုတ်ဆက်ဆံရေးကို တည်ဆောက်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း၊ လက်ရှိအချိန်တွင် နှစ်နိုင်ငံအကြားနယ်ပယ်အသီးသီးမှ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု များသည် တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာနေကြောင်း၊ ဂျပန်-တရုတ် နှစ်နိုင်ငံသည် အိမ်နီးချင်း နိုင်ငံအနေနှင့် အပြန်အလှန် ခြိမ်းခြောက်မှု မဟုတ်ဘဲ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်သင့်ကြောင်း၊ ဂျပန်-တရုတ် ပူးပေါင်းဆောင်ရွက်မှုမှာ ကောင်းမွန်သော ရှေ့အလားအလာရှိပြီး ဒေသတွင်း၊ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် နှစ်နိုင်ငံသည် အရေးကြီးသောတာဝန်ဝတ္တရားရှိကြောင်း၊ ဂျပန် အနေနှင့် ဂျပန်-တရုတ် ဆက်ဆံရေး ပုံမှန် တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်အောင် တရုတ်ပြည်ဘက်နှင့်အတူ ကြိုးပမ်းဆောင်ရွက်လိုပါကြောင်း ပြောကြားသည်။