ရှီကျင့်ဖိန်နှင့် ဂူတာရက်စ် တွေ့ဆုံ

(GMT+08:00)2022-11-17 16:47:27  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဘာလီကျွန်း၌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့် တွေ့ဆုံခဲ့သည်။

       ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က မျက်မှောက်အချိန်တွင် နိုင်ငံတကာအခြေအနေသည် အပြောင်းလဲကြီး ပြောင်းလဲနေလျက်ရှိကြောင်း၊ မိမိတို့သည် လူသားတို့၏ အနာဂတ်ရေးကို ဦးစားပေး သဘောထားရမည်ဖြစ်ပြီး အခက်အခဲများကို ကျော်လွှားရန် လက်တွဲ ပူးပေါင်း ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် နိုင်ငံကြီးများသည် စံနမူနာပြုပြီး ဦးဆောင်သင့်ကာ ကမ္ဘာသို့ ယုံကြည်မှုနှင့် ခွန်အားကို ထည့်သွင်းပေးရမည်ဖြစ်ကြောင်း ၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ ပူးပေါင်း ဆောင်ရွက်ရေးနှင့် အပြန်အလှန်အကျိုးရှိစေရေးဖြစ်သည့် သမိုင်းရေစီးကြောင်းကို ဟန့်တားနိုင်မှာ မဟုတ်ကြောင်း ပြောကြားသည်။

ဂူတာရက်စ်က တရုတ်နိုင်ငံသည် နိုင်ငံစုံဝါဒ စွဲကိုင်ခြင်းကို ကုလသမဂ္ဂက ချီးကျူးပါကြောင်း၊ တရုတ်နိုင်ငံကတင်ပြခဲ့သည့် ကမ္ဘာ့ဖွံ့ဖြိုးရေးဆိုင်ရာ အဆိုပြုချက်သည် ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်နှင့် ကိုက်ညီကြောင်း၊ ဖွံ့ဖြိုးဆဲ နိုင်ငံများ အတူတကွ ဖွံ့ဖြိုးတိုးတက်အောင်ကူညီရာတွင် တရုတ်နိုင်ငံသည် နှိုင်းယှဉ်၍မရအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။