တရုတ်-အမေရိကန် ဆက်ဆံရေးတိုးတက်ကောင်းမွန်လာစေရန် သဘောတူညီမှုများ လိုအပ်ရုံသာမက လက်တွေ့ကျသော ဆောင်ရွက်မှုလည်း လိုအပ်သည်

(GMT+08:00)2022-11-16 13:55:28  

ယခုလ ၁၄ ရက်နေ့ညနေပိုင်းက အမေရိကန်ဘက်မှ အကြံပြုချက်အရ တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်နှင့် အမေရိကန်သမ္မတဘိုင်ဒန်တို့သည် ဘာလီတွင် မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ခြုံပြီးပြောရလျှင် ယခုအကြိမ်ဆွေးနွေးပွဲသည် နက်ရှိုင်းစွာ ကူးလူးဖလှယ်ခြင်း၊ ရည်ရွယ်ချက်များကို ရှင်းလင်းစွာ သတ်မှတ်ခြင်း၊ အနီရောင်မျဉ်းများ ရှင်းလင်းစွာ သတ်မှတ်ခြင်း၊ ပဋိပက္ခများကို တားဆီးခြင်း၊ ဦးတည်ချက်ကို ထောက်ပြခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးခြင်းတို့ကို အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ပါသည်။ နိုင်ငံတကာမီဒီယာများက ယေဘုယျအားဖြင့် အပြုသဘောဖြင့် သုံးသပ် ကြသည်။ တရုတ်နှင့် အမေရိကန် ခေါင်းဆောင်များသည် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း ဗြိတိန် “Financial Times” က ဖေါ်ပြသည်။ ယခုအကြိမ် တွေ့ဆုံမှုသည် တရုတ်နှင့်အမေရိကန်ကြားတင်းမာသော နှစ်နိုင်ငံဆက်ဆံရေးကို ဖြေလျှော့ ပေးခဲ့သည်ဟု CNN က ဖေါ်ပြပါသည်။

လက်ရှိအချိန်တွင် တရုတ်-အမေရိကန် ဆက်ဆံရေးသည် သံတမန်ဆက်ဆံရေး ထူထောင်ချိန်မှစ၍ အနိမ့်ဆုံးနေရာသို့ကျသွားရသည့် အရင်းခံအကြောင်းရင်းမှာ အမေရိကန်သည် တရုတ်နိုင်ငံအပေါ် အသိအမြင် ပြဿနာရှိနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် တရုတ်နှင့် အမေရိကန်တို့သည် သမိုင်း၊ ကမ္ဘာနှင့် ပြည်သူအပေါ် တာဝန်ရှိသော သဘောထားကို အရင်းခံပြီး ခေတ်သစ်တွင် နှစ်နိုင်ငံမှန်ကန်စွာ ပေါင်းစည်းနိုင်ရေးအတွက် နည်းလမ်းရှာဖွေကာ တရုတ်-အမေရိကန် ဆက်ဆံရေးကို ရှင်သန် တည်ငြိမ်သော ဖွံ့ဖြိုး တိုးတက်မှုလမ်းကြောင်းသို့ ပြန်လည်ရောက်ရှိရန် တွန်းအားပေးလိုကြောင်း သမ္မတ ရှီကျင့်ဖိန်က တွေ့ဆုံစဉ်တွင် ပြောကြားခဲ့ပါသည်။

သမိုင်းသည် အကောင်းဆုံးစာအုပ်ဖြစ်သည်။ တရုတ်နှင့်အမေရိကန်တို့သည် ပူးပေါင်း ဆောင်ရွက်လျှင် အကျိုးအမြတ်ရနိုင်ပြီး ထိပ်တိုက်ရင်ဆိုင်လျှင် ဆုံးရှုံးသွားမည်ဖြစ်သည်။ တရုတ်-အမေရိကန် ဆက်ဆံရေးသည် အရေးပါသော အခိုက်အတန့်ကို ရင်ဆိုင် နေရချိန်တွင် ယခုတစ်ကြိမ် နိုင်ငံတော် အကြီးအကဲများတွေ့ဆုံမှုသည် လာမည့် ကာလ တွင် တရုတ်-အမေရိကန် ဆက်ဆံမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ချက်ကို ထောက်ပြ ခဲ့သည်။