ရှီကျင့်ဖိန်နှင့် ပြင်သစ်သမ္မတမက်ကရွန် တွေ့ဆုံ

(GMT+08:00)2022-11-15 13:22:15  

       တရုတ်နိုင်ငံတော်သမ္မတရှီကျင့်ဖိန်နှင့် ပြင်သစ်သမ္မတမက်ကရွန်တို့သည်  ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက ဘာလီ၌ တွေ့ဆုံခဲ့ကြသည်။

       ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က လွန်ခဲ့သည့် ၃ နှစ်အတွင်း မိမိတို့သည် နည်းလမ်းမျိုးစုံဖြင့် ရင်းနှီးစွာဆက်သွယ်ပြီး တရုတ်-ပြင်သစ် ဆက်ဆံမှု တက်ကြွသောအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေပြီး နှစ်နိုင်ငံအကြား အရေးကြီးသော ပူးပေါင်းဆောင်ရွက်မှုမှာလည်း အပြုသဘောဆောင်သော ဖွံ့ဖြိုး တိုးတက်မှု ရရှိကြောင်း၊ မျက်မှောက်အချိန်တွင် ကမ္ဘာကြီးသည် ကမောက်ကမ အပြောင်းလဲကြီး ပြောင်းလဲနေသည့်အချိန်ဖြစ်ပြီး တရုတ်နှင့်ပြင်သစ်၊ တရုတ်နှင့် ဥရောပတို့သည် ကမ္ဘာ့အင်အားစုံ အခြေအနေတွင် အရေးကြီးသော အင်အားစုနှစ်ရပ်အနေနှင့် လွတ်လပ်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိကာ တံခါးဖွင့် ပူးပေါင်းဆောင်ရွက်ရေးစိတ်ဓာတ်ကို စွဲကိုင်၍ နှစ်ဖက်ဆက်ဆံမှု ရေရှည် တည်ငြိမ် အောင် မှန်ကန်စွာဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးကာ ကမ္ဘာကြီးတည်ငြိမ်စေရန်၊ အပြုသဘော ဆောင်သောဘက်မှ တွန်းအားပေးရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

       မက်ကရွန်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးတာဝန်ကို သမ္မတ ရှီကျင့်ဖိန် ဆက်လက်ထမ်းဆောင်ခြင်းအပေါ် လှိုက်လှဲစွာဂုဏ်ပြုပြီး တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံအောင်မြင်စွာ ကျင်းပခြင်းအပေါ် ဂုဏ်ပြုကြောင်း၊ ပြင်သစ်-တရုတ် နှစ်နိုင်ငံတို့သည် ကမ္ဘာကြီး ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးသာယာဝပြောရေး မြှင့်တင်ရန် သန္နိဋ္ဌာန် ချထားကြောင်း၊ တရုတ်စတိုင် ခေတ်မီရေးဖွံ့ဖြိုးတိုးတက်မှုပုံစံသည် လေးစားဖွယ် ကောင်းကြောင်း၊  ပြင်သစ်နိုင်ငံအနေနှင့် လွတ်လပ်ပြီး ကိုယ်ပိုင်ဆုံးခွင့်ရှိသော နိုင်ငံခြားရေးမူဝါဒကို စွဲကိုင်ပြီး ထိပ်တိုက် ရင်ဆိုင်မှုကို ဆန့်ကျင်ကြောင်း၊ မျက်မှောက်အချိန်တွင် ကမ္ဘာကြီးသည် ကမောက်ကမ အပြောင်းလဲကြီး ပြောင်းလဲ နေသည့်အချိန်တွင် ပြင်သစ်အနေနှင့် တရုတ်ဘက်နှင့်အတူ အပြန်အလှန် လေးစားပြီး အပြန်အလှန် အကျိုးရှိစေသည့် စိတ်ဓာတ်ဖြင့် အဆင့်မြင့် ကူးလူးဖလှယ်မှုနှင့် ဆွေးနွေးမှုကို ရင်းနှီးစွာဆောင်ရွက်ပြီး စီးပွားကုန်သွယ်ရေး၊ လေကြောင်းနှင့် အရပ်ဘက် နျူကလီးယားစွမ်းအင် စသည့် နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားသည်။