တရုတ်-အမေရိကန်ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲအကြောင်း ဝမ်ယိ မိတ်ဆက်ပြီး သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြား

(GMT+08:00)2022-11-15 16:17:37  

    နိုဝင်ဘာလ ၁၄ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် နှင့် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြီးနောက် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဝမ်ယိသည် တရုတ်-အမေရိကန် ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲအကြောင်းကို မီဒီယာများအား မိတ်ဆက်ပြီး သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားခဲ့ပါသည်။

    ဝမ်ယိက နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရာတွင်  တရုတ်-အမေရိကန်ဆက်ဆံရေး၊ ကမ္ဘာ့ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရေးကြီးသော ပြဿနာများနှင့်ပတ်သက်၍ ပွင့်လင်းမှုရှိစွာ၊ နက်ရှိုင်းစွာ၊ အပြုသဘောဆောင်စွာ၊ မဟာဗျူဟာမြောက်ဖြစ်စွာ ဆွေးနွေးခဲ့ကြကြောင်း ပြောကြားခဲ့သည်။

    သမ္မတ ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံတွင် ရရှိခဲ့သည့်အောင်မြင်မှုများနှင့် အရေးကြီးသော အဓိပ္ပါယ် ကို ရှင်းလင်းဖော်ပြပြီး တရုတ်ကွန်မြူနစ်ပါတီနှင့်အစိုးရတို့၏ ပြည်တွင်းပြည်ပ မူဝါဒများ ပွင့်ပွင့်လင်းလင်းဖြစ်ကာ မဟာဗျူဟာရည်ရွယ်ချက် ရှင်းရှင်းလင်းလင်းဖြစ်၍ အဆက် မပြတ်မှုနှင့် တည်ငြိမ်မှု ထိန်းသိမ်းလျက်ရှိသည်ဟု အလေးထား ပြေကြားခဲ့ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်က တရုတ်-အမေရိကန်ဆက်ဆံရေးမှာ Zero-sum Game မဟုတ်ဘဲ ၂၁ ရာစုနှစ်တွင် ကမ္ဘာကြီးသည် စစ်အေးတိုက်ပွဲထပ်မံမဖြစ်စေသင့်ဘဲ၊ တစ်ဦး၏ ပြည်တွင်း ပြည်ပမူဝါဒနှင့် မဟာဗျူဟာရည်ရွယ်ချက်ကို တစ်ဦးက မှန်ကန်စွာ ရှုမြင်ရကြောင်း၊  ထိပ်တိုက်ရင်ဆိုင်မှုမဟုတ်ဘဲ ဆွေးနွေးပွဲကျင်းပရန်၊ Zero-sum မဟုတ်ဘဲ အပြန်အလှန် အကျိုးရရှိစေရန် ဆက်ဆံရေးအခြေခံကို သတ်မှတ်ရသည်ဟု ပြောကြားခဲ့ကြောင်း ပြောကြားခဲ့သည်။

သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲအကြောင်းကို မိတ်ဆက်ပြီး အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ဖွဲ့စည်းပုံစနစ်ကို အလေးထား သည်။ တရုတ်နိုင်ငံ၏ ဖွဲ့စည်းပုံစနစ်ကို ပြောင်းလဲစေရန်၊ စစ်အေးတိုက်ပွဲသစ် ဆင်နွှဲရန်၊ မဟာမိတ်ဆက်ဆံရေးကို အားသစ်လောင်းပေးပြီး တရုတ်နိုင်ငံကို ဆန့်ကျင်ရန် ရှာကြံမည် မဟုတ်ပါကြောင်း၊ တရုတ်နိုင်ငံနှင့် အငြင်းပွားမှုဖြစ်ပွားရန်၊ တရုတ်နိုင်ငံကို ပိတ်ဆို့ တားဆီးရန် ဆန္ဒမရှိပါဟု ပြောကြားခဲ့ကြောင်း ပြောကြားခဲ့သည်။

ဝမ်ယိက နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များသည် နှစ်နိုင်ငံဆက်ဆံရေး၏ ကမ္ဘာ့အဓိပ္ပါယ်ကို အလေးထားကြကြောင်း၊ တရုတ်-အမေရိကန်ဆက်ဆံရေးအတွက် လမ်းညွှန်ချက်မူများကို ချမှတ်ခြင်း၏အရေးပါမှုကို အလေးထား ပြောကြားခဲ့ ကြကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရန် တွန်းအား ပေးဖို့ မျှော်လင့်ပြီး ဆက်သွယ်မှုနှင့် ကူးလူးဖလှယ်မှုကို အားသစ်လောင်းပေးရန်၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန် သဘောတူညီ ကြကြောင်း၊ ၄င်းမှာ နောင်ကာလတစ်ခုအတောအတွင်း တရုတ်-အမေရိကန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် ဦးတည်ချက်ကို ချမှတ်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို တဖြည်းဖြည်း ပုံမှန် ပြန်ဖြစ်လာစေရန် အကျိုးရှိကြောင်း ပြောကြားခဲ့ပါသည်။

တရုတ်-အမေရိကန်ဆက်ဆံရေး ဦးတည်ချက်နှင့်ပတ်သက်၍ ဝမ်ယိက ယခုအကြိမ် နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲမှာ အရေးကြီးသော ညွှန်ကြားချက် အဓိပ္ပါယ်ရှိသည့်အပြင် လာမည့်ကာလတစ်ခုအတောအတွင်းနှင့် ကာလရှည်ကြာစွာအတွင်းတွင် တရုတ်-အမေရိကန်ဆက်ဆံရေးအတွက် ကြီးမား နက်ရှိုင်းသော အကျိုးသက်ရောက်မှုလည်း ရှိကြောင်း၊ ပထမအချက်မှာ ဦးတည်ချက် တစ်ခုကို ချမှတ်ခြင်း ဖြစ်ကြောင်း၊ တရုတ်-အမေရိကန်ဆက်ဆံရေးကို ထိန်းမနိုင် သိမ်းမရ မဖြစ်စေဘဲ အင်အားကြီးနှစ်နိုင်ငံ မှန်ကန်သော ဆက်ဆံရေး နည်းလမ်းကို ရှာကြံလိုခြင်း ဖြစ်ကြောင်း၊ ဒုတိယအချက်မှာ မူဘောင်တစ်ခုကို သတ်မှတ်ခြင်း ဖြစ်ကြောင်း၊ တရုတ်-အမေရိကန်ဆက်ဆံရေး လမ်းညွှန်ချက်မူ သို့မဟုတ် မဟာဗျူဟာ မူဘောင်ကို အတူတကွ စူးစမ်းလေ့လာပြီး သတ်မှတ်ခြင်း ဖြစ်ကြောင်း၊ တတိယအချက်မှာ ဖြစ်စဉ်တစ်ခုကို စတင်ခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံ ထိပ်သီး ခေါင်းဆောင်များ ရရှိခဲ့သည့် အရေးကြီးသော သဘောတူညီမှုများကို လက်တွေ့ ကျကျ အကောင်အထည်ဖော်ပြီး တရုတ်-အမေရိကန်ဆက်ဆံရေးကို ထိန်းချုပ်ကာ တည်ငြိမ်စေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထိုင်ဝမ်ကိစ္စနှင့်ပတ်သက်၍ ဝမ်ယိက ထိုင်ဝမ်ဒေသသည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းဖြစ်ကြောင်း၊ ထိုင်ဝမ်ကိစ္စသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စ ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်သဖြင့် တရုတ်-အမေရိန်နှစ်နိုင်ငံတို့သည် ထိုင်ဝမ်ကိစ္စကို ဆွေးနွေးကြခြင်း ဖြစ်ကြောင်း၊ မိမိတို့၏ တောင်းဆိုချက်မှာ ရှင်းရှင်းလင်းလင်း ဖြစ်ကြောင်း၊ ၄င်းမှာ တရုတ်နိုင်ငံ၏ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုကို ရပ်စဲပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေ တည်တံ့ပြည့်စုံမှုကို လေးစားခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဝမ်ယိက သမ္မတ ရှီကျင့်ဖိန်သည် ထိုင်ဝမ်ပြဿနာမှာ တရုတ်အမြုတေ အကျိုးစီးပွား၏ အမြုတေ ဖြစ်သည်။ တရုတ်-အမေရိကန် နိုင်ငံရေး အခြေခံ အုတ်မြစ်၏ အခြေခံအုတ်မြစ် ဖြစ်သည်။ အမေရိကန်နိုင်ငံမှ မဖြတ်ကျော်သင့်သည့် အနီရောင်မျဉ်း ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံအား အပြောအဆို၊ အပြုအမူများနှင့် ကိုက်ညီပြီး တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲပြန်တမ်း ၃ ခု၏ သတ်မှတ်ချက်များကို လိုက်နာကာ ထိုင်ဝမ်သီးခြားတည်ရှိရေး မထောက်ခံသော ကတိပြုချက်အတိုင်း လိုက်နာ ဆောင်ရွက်ရန်၊ ထိုင်ဝမ် သီးခြားတည်ရှိရေးဆိုင်ရာ ခွဲထွက်ရေးအပြောအဆိုနှင့် အပြုအမူများကို ထိန်းချုပ်တားဆီးပြီး အခြေအနေ ပိုမိုမဆိုးဝါးသွားစေရန် တိုက်တွန်း သည်ဟု ပြောကြားခဲ့ကြောင်း ပြောကြားခဲ့သည်။

သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်နိုင်ငံအနေဖြင့် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူဝါဒကို စွဲကိုင်ထားသည်။ ထိုင်ဝမ်သီးခြားတည်ရှိရေး၊ “Two China” သို့မဟုတ် “One China, One Taiwan”ကို မထောက်ခံပါ။ ထိုင်ဝမ်ဖြင့် တရုတ်နိုင်ငံကို ပိတ်ဆို့တားဆီးရန် ရှာကြံဆောင်ရွက်မည်မဟုတ်ပါဟု ပြောကြား ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဝမ်ယိက သမ္မတ ရှီကျင့်ဖိန်သည် ဒီမိုကရေစီလူ့အခွင့်အရေး၊ ဖွဲ့စည်းပုံစနစ် လမ်းကြောင်း၊ စီးပွားကုန်သွယ်ရေးပြဿနာနှင့်ပတ်သက်သော အမေရိကန်နိုင်ငံနှင့် နိုင်ငံတကာအသိုင်းအဝိုင်း အာရုံစိုက်ကြသည့် ပြဿနာများနှင့်ပတ်သက်၍ တရုတ် နိုင်ငံ၏ ရပ်တည်ချက်၊ တရုတ်နိုင်ငံ၏ သဘောထားကို ရှင်းလင်းဖော်ပြခဲ့ကြောင်း၊ နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များသည် ယူကရိန်းပြဿနာ၊ ကိုရီးယားကျွန်းဆွယ် နျူကလီးယားပြဿာနာဆိုင်ရာ နိုင်ငံတကာနှင့် ဒေသတွင်းပြဿနာများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း ပြောကြားခဲ့ပါသည်။

ဝမ်ယိက ယခုအကြိမ်တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံထိပ်သီးခေါင်းဆောင် များသည် ပုံမှန်အဆက်အသွယ်ကို ဆက်လက်ထိန်းသိမ်းရန်၊ နှစ်နိုင်ငံ သံတမန်ရေး နှင့် လုံခြုံရေးအဖွဲ့များအား တာဝန်ခန့်အပ်ပြီး မဟာဗျူဟာဆက်သွယ်မှုကို ဆက်တိုက်ပြုလုပ်ကာ နှစ်ဦးနှစ်ဖက်တို့မှ ရရှိခဲ့သည့် သဘောတူညီမှုများကို အကောင်အထည်ဖော်ရန် သဘောတူကြကြောင်း၊ ယခုအကြိမ် တွေ့ဆုံ ဆွေးနွေးပွဲ တွင် နှစ်ဦးနှစ်ဖက်မှ အမြင်ချင်း နက်ရှိုင်းစွာ ဖလှယ်ပြီး ရည်ရွယ်ချက်များကို ချမှတ်ကာ အနီရောင်မျဉ်းကို ဆွဲခဲ့ကြောင်း၊ အငြင်းပွားမှု မဖြစ်စေဘဲ ဦးတည်ချက်ကို ချမှတ်ကာ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သဖြင့် မျှော်မှန်းထားသည့် ရည်မှန်းချက်ပန်းတိုင် အောင်မြင်ကြောင်း ပြောကြားခဲ့ပါသည်။