တရုတ်-အမေရိကန်ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လမ်းကြောင်းမှန်ကိုရှာဖွေပြီး တရုတ်-အမေရိကန် ဆက်ဆံရေး ရှင်သန်တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းသို့ ပြန်လည်ရောက်ရှိအောင် တွန်းအားပေး လုပ်ဆောင်မည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2022-11-14 20:12:14  

နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် အမေရိကန်သမ္မတဘိုင်ဒန်နှင့် တွေ့ဆုံခဲ့ပါသည်။

တရုတ်နှင့်အမေရိကန်နှစ်နိုင်ငံတို့သည် ထိတွေ့ခြင်း၊ သံတမန်ဆက်ဆံရေးထူထောင်ခြင်းမှ ယနေ့အထိ နှစ်ပေါင်း ၅၀ ကျော်အတက်အကျနှင့် ဖြတ်သန်းခဲ့ပြီး အောင်မြင်မှုများရှိသလို ဆုံးရှုံးမှုလည်းရှိကာ အတွေ့အကြုံများရှိသလို သင်ခန်းစာယူစရာများလည်းရှိကြောင်း၊ သမိုင်းသည် အကောင်းဆုံး စာအုပ် ဖြစ်ကြောင်း၊ မိမိတို့အနေနှင့် သမိုင်းကိုမှန်တစ်ချပ်အဖြစ်ထားပြီး အနာဂတ်ကို ရင်ဆိုင်သင့်ကြောင်း၊ လက်ရှိ တရုတ်-အမေရိကန်ဆက်ဆံရေးအခြေအနေသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများ၏ အရင်းခံ အကျိုးစီးပွား များနှင့် မကိုက်ညီသလို နိုင်ငံတကာမိသားစုကြီး၏ မျှော်မှန်းချက်နှင့်လည်း မကိုက်ညီကြောင်း၊ မိမိတို့သည် တရုတ်နှင့်အမေရိကန်နှစ်နိုင်ငံတို့၏ ခေါင်းဆောင်အနေနှင့် နှစ်နိုင်ငံကြားဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် လမ်းကြောင်းမှန်ကိုရှာဖွေပြီး နှစ်နိုင်ငံကြားဆက်ဆံရေးကို တွန်းအားပေးသင့်ကြောင်း ရှီကျင့်ဖိန်က ပြောကြား ပါသည်။

လက်ရှိအချိန်တွင် လူ့အဖွဲ့အစည်းသည် မကြုံစဖူးသော စိန်ခေါ်မှုများကို ရင်ဆိုင်နေကြရပြီး ကမ္ဘာကြီးသည် လမ်းဆုံလမ်းခွသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ဘယ်ကိုသွားရမယ်ဆိုတာကို မိမိတို့က ဂရုစိုက်ရုံသာမက နိုင်ငံအသီးသီးကလည်း ဂရုစိုက်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းက ယေဘုယျအားဖြင့် တရုတ်နှင့်အမေရိကန်တို့သည် ၎င်းတို့၏ဆက်ဆံရေးကို ကောင်းမွန်စွာကိုင်တွယ်ရန် မျှော်လင့်ကြကြောင်း၊ မိမိတို့အနေနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးမျှော်လင့်ချက်တိုးမြှင့်ရန်၊ ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်မှုအပေါ် ယုံကြည်မှု တိုးလာစေရန်နှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားထည့်ရန် နိုင်ငံအသီးသီးနှင့် လက်တွဲ ဆောင်ရွက် သင့်ကြောင်း၊ မိမိအနေနှင့် တရုတ်-အမေရိကန်ဆက်ဆံရေးမှာ မဟာဗျူဟာကျသော ကိစ္စရပ်များနှင့်ကမ္ဘာနှင့် ဒေသတွင်း အဓိကကိစ္စများနှင့်ပတ်သက်၍ သမ္မတနှင့် ပွင့်ပွင့်လင်းလင်း နက်နက်နဲနဲ အမြင်ချင်း ဖလှယ်လိုကြောင်း၊ တရုတ်-အမေရိကန်ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်း ပေါ်သို့ ပြန်လည်ရောက်ရှိစေပြီး နှစ်နိုင်ငံနှင့် ကမ္ဘာကို အကျိုးဆောင်ရန် သမ္မတနှင့် လက်တွဲ ဆောင်ရွက် သွားရန်လည်း မျှော်လင့်ကြောင်း ပြောကြားပါသည်။