အကြိမ် (၄၀) နှင့် (၄၁)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးများကို ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့တော်၌ စတင်ကျင်းပ

(GMT+08:00)2022-11-11 12:40:17  

နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် အကြိမ် (၄၀) နှင့် (၄၁)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးများကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်၌ စတင်ကျင်းပခဲ့ ပါသည်။ ယခုနှစ် အာဆီယံထိပ်သီးအစည်းအဝေး၏ အဓိကဆောင်ပုဒ်မှာ “အာဆီယံအဖွဲ့ စိန်ခေါ်မှုများကို အတူရင်ဆိုင်ကြပါစို့”ဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါအပြီး စီးပွားရေး ပြန်လည်ရှင်သန်ရေးကို မျှော်မှန်းနေချိန်တွင် အာဆီယံအဖွဲ့အနေနှင့် စုပေါင်းညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်ရေးစိတ်ဓါတ်ဖြင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် တည်ငြိမ်ရေးတို့ကို မည်ကဲ့သို့ ဆက်လက်တွန်းအားပေးမည်နည်းနှင့်ပတ်သက်၍ ဆွေးနွေး မည် ဖြစ်ပါသည်။ ယင်းသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးနောက် အာဆီယံနိုင်ငံ ခေါင်းဆောင်များအကြား ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံပွဲ ကျင်းပခြင်း ဖြစ်ပါသည်။

အစည်းအဝေး အစီအစဉ်အရ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို နိုဝင်ဘာလ ၁၀ရက်နေ့မှ ၁၃ရက်နေ့အထိ ကျင်းပမည်ဖြစ်ပါသည်။ အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များအပြင် တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ သြစတြေးလျ၊ ကနေဒါ နှင့် ဥရောပသမဂ္ဂမှ ခေါင်းဆောင်များသည်လည်း အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ပါသည်။ ယင်းအတောအတွင်း ၂၅ကြိမ်မြောက် တရုတ်-အာဆီယံ(၁၀+၁) ခေါင်းဆောင်များ အစည်းအဝေး၊ ၂၅ကြိမ်မြောက် အာဆီယံနှင့် တရုတ်၊ဂျပန်၊ တောင်ကိုရီးယား (၁၀+၃) ခေါင်းဆောင်များအစည်းအဝေးနှင့် ၁၇ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးများကိုလည်း ကျင်းပမည်ဖြစ်ပါသည်။