ရှီကျင့်ဖိန်သည် ဂျာမဏီဝန်ကြီးချုပ် Scholz နှင့် တွေ့ဆုံ

(GMT+08:00)2022-11-04 19:53:04  

နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ တရားဝင် လာရောက်လည်ပတ်နေသည့် ဂျာမဏီဝန်ကြီးချုပ် Scholz နှင့် ပြည်သူ့ခန်းမဆောင်ကြီး၌ တွေ့ဆုံခဲ့သည်။

ရှီကျင့်ဖိန်က အဆွေတော်သည် တရုတ်ကွန်မြူနစ်ပါတီ အကြိမ်(၂၀)မြောက်ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံအပြီးတွင် ပထမဆုံးလာရောက်သော ဥရောပခေါင်းဆောင်ဖြစ်ပြီး ယင်းသည် အဆွေတော် ဝန်ကြီးချုပ်တာဝန်ယူချိန်ကစပြီး တရုတ်နိုင်ငံကို ပထမဆုံးလာရောက်လည်ပတ်မှုလည်း ဖြစ်ကြောင်း၊ ယခုအကြိမ်ခရီးစဉ်သည် အပြန်အလှန်နားလည်မှုနှင့် အပြန်အလှန်ယုံကြည်မှုကို တိုးပွားပြီး နယ်ပယ်အသီးသီးက လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ လာမည့်အဆင့် တရုတ်-ဂျာမဏီ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်သောအစီအမံများ ပြုလုပ်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားပါသည်။

Scholz က ယခုနှစ်သည် ဂျာမဏီ-တရုတ်သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၅၀ ပြည့်နှစ်ဖြစ်ပြီး မိမိအနေနှင့် ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ခရီးလှည့်လည်ပြီး ဂျာမဏီ-တရုတ်ဆက်ဆံရေးနှင့်အတူ ဂရုစိုက်ကြသော အရေးကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးဖလှယ်ခွင့်ရသည့်အတွက် အလွန်ဝမ်းမြောက်မိ ပါကြောင်း၊ လက်ရှိ နိုင်ငံတကာအခြေအနေသည် ရှုပ်ထွေးပြီး ဥရောပတိုက်သည် မကြုံစဖူးသော စိန်ခေါ်မှု အသစ်များနှင့်ရင်ဆိုင်နေရကာ တရုတ်နိုင်ငံသည် ရာသီဥတုပြောင်းလဲမှု ကိုင်တွယ်ဖြေရှင်းရေး၊ ဇီဝမျိုးစုံ ရှိခြင်းကို ထိန်းသိမ်းကာကွယ်ရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးနှင့် စားနပ်ရိက္ခာ အကျပ်အတည်း ရင်ဆိုင်ဖြေရှင်းရေး စသည့်ကမ္ဘာ့ပြဿနာများစွာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေ၍ ဒေသတွင်း ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းရန် ဂျာမဏီနိုင်ငံအနေနှင့် တရုတ် နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ကြောင်းပြောကြားပါသည်။

နှစ်နိုင်ငံခေါင်းဆောင်တို့သည် ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်၍လည်း အမြင်ချင်း ဖလှယ်ခဲ့ ကြသည်။