ခေတ်သစ်တွင် တရုတ်-ဗီယက်နမ် ဆက်ဆံရေးကို အဆင့်သစ်သို့ အဆက်မပြတ် မြှင့်တင်ရန် တွန်းအားပေး

(GMT+08:00)2022-11-02 15:55:26  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးငုယင်ဖူထျောင်သည် အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီး လှည့်လည်ခဲ့သည်။ အောက်တိုဘာလ ၃၁ ရက်နေ့တွင် နှစ်နိုင်ငံခေါင်းဆောင်များသည် ပီကင်းပြည်သူ့ ခန်းမဆောင်ကြီး၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ တရုတ်-ဗီယက်နမ် ခေတ်သစ်တွင် ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဆက်ဆံရေးကို အဆင့်သစ်သို့ တွန်းအားပေးရန် နှစ်ဦးနှစ်ဖက် သဘောတူခဲ့ကြသည်။

     တရုတ်နှင့်ဗီယက်နမ်တို့သည် တောတောင်ရေမြေများဆက်စပ်ပြီး "ရဲဘော်နှင့် ညီရင်းအစ်ကို" ၏ အစဉ်အလာချစ်ကြည်ရင်းနှီးမှု ရှိကြသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံ နှစ်နိုင်ငံ အနေဖြင့် တရုတ်နှင့်ဗီယက်နမ်တို့သည် နိုင်ငံစုံရေးရာများတွင် ဆက်သွယ်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကို အားကောင်းစေပြီး အချင်းချင်း၏ အဓိကအကျိုးစီးပွားနှင့် အဓိကအာရုံစိုက်ရာများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် အချင်းချင်းပံ့ပိုးကူညီကာ နိုင်ငံစုံစနစ်နှင့် နိုင်ငံတကာတရားမျှတမှုကို ပူးတွဲကာကွယ်၍ ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးခဲ့သည်။

     "တရုတ်နှင့် ဗီယက်နမ်တို့သည် တောတောင်ရေမြေများ ဆက်စပ်ပြီး အိမ်နီးချင်းကောင်းများနှင့် မိတ်ဆွေကောင်းများဖြစ်သလို အေးအတူပူအမျှဖြစ်သော ရဲဘော်ကောင်း၊ မိတ်ဖက်ကောင်းလည်းဖြစ်ကာ လူသားများ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အားဖြည့်ဆောင်ရွက်သော ကံကြမ္မာတူ အသိုက်အဝန်း ဖြစ်သည်” ဟု အချိန်က ဆက်လက်သက်သေပြမည်ဖြစ်ကြောင်း China Media Group မှ သတင်းဆောင်းပါးတစ်ပုဒ်တွင် ရေးသားဖေါ်ပြထားပါသည်။