ရှီကျင့်ဖိန်သည် ငုယင်ဖူထျောင် (Nguyen Phu Trong) အား တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော် ချစ်ကြည်ရေး ဂုဏ်ထူးဆောင်တံဆိပ်ကို ချီးမြှင့်

(GMT+08:00)2022-11-01 14:51:06  

အောက်တိုဘာလ ၃၁ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် ပီကင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် အခမ်းအနားကို ကျင်းပပြီး ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ငုယင်ဖူထျောင် (Nguyen Phu Trong) အား တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော် ချစ်ကြည်ရေး ဂုဏ်ထူးဆောင်တံဆိပ်ကို ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ရှီကျင့်ဖိန်က မိန့်ခွန်းပြောကြားရာတွင် ချစ်ကြည်ရေး ဂုဏ်ထူးဆောင်တံဆိပ်သည် တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူများမှ အဆွေတော်နှင့် ဗီယက်နမ်ပြည်သူများ အပေါ် ချစ်ကြည်ရေးသံယောဇဉ်ကို ဖော်ပြကြောင်း၊ တရုတ်-ဗီယက်နမ် ရဲဘော်ညီအစ်ကို နက်ရှိုင်းသော ချစ်ကြည်ရေးကို ကိုယ်စားပြုကြောင်း၊ နှစ်ပါတီနှင့် နှစ်နိုင်ငံပြည်သူများ အကြား သာယာသောအနာဂတ်ကို အတူတကွဖန်တီးရန် မျှော်လင့်ချက် ပါဝင်ကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်-ဗီယက်နမ်နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ ရဲဘော်ကောင်း၊ မိတ်ဖက်ကောင်း ဖြစ်ကြပြီး လူသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို ကြိုးပမ်းဆောင်ရွက်နေသော ကံကြမ္မာတူအသိုက်အဝန်း ဖြစ် ကြောင်း၊ နှစ်နိုင်ငံမှ ဆိုရှယ်လစ်ခေတ်မီတည်ဆောက်ရေးခရီးစဉ်ကို တွန်းအားပေးရာတွင် တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် အဆွေတော်ဦးဆောင်သော ဗီယက်နမ်ကွန်မြူနစ်ပါတီနှင့် အတူ မော်စီတုန်း၊ ဟိုချီမင်း အပါအဝင် နှစ်ပါတီ၊ နှစ်နိုင်ငံခေါင်းဆောင်ဟောင်းများ ဖန်တီးပြုစုသော အစဉ်အလာချစ်ကြည်ရေးကို လက်ဆင့်ကမ်းပြီး တရုတ်-ဗီယက်နမ် ဆက်ဆံမှု ပိုမိုကြီးမားသော အောင်မြင်မှုများရရှိရန် အတူတကွလမ်းညွှန်ပေးလိုကြောင်း ပြောကြားခဲ့ပါသည်။

ငုယင်ဖူထျောင်က ကျေးဇူးတင်စကားပြောကြားရာတွင် မိမိအနေဖြင့် ဂုဏ်ထူးဆောင်တံဆိပ်ကို လက်ခံရရှိခြင်းအပေါ် ဂုဏ်ယူမိပါကြောင်း၊ ဗီယက်နမ်ပြည်သူ များနှင့်အတူ ဆိုရှယ်လစ်လမ်းကြောင်းကို ဆက်လက်ချီတက်မည်ဖြစ်ပြီး ဗီယက်နမ်-တရုတ် ရဲဘော်ညီအစ်ကို ခင်မင်းရင်းနှီးသော ဆက်ဆံမှုကို အဆက်မပြတ် ခိုင်မြဲနက်ရှိုင်းစေကာ ပိုမိုသာယာသော အနာဂတ်ကို အတူတကွ ဖန်တီးမည် ဖြစ်ကြောင်း၊ ဗီယက်နမ်-တရုတ်ချစ်ကြည်ရေးအဓွန့်ရှည်ပါစေ၊ ရဲဘော်ညီအစ်ကို ဖြစ်သည့်ဗီယက်နမ်-တရုတ် ချစ်ကြည်ရေးသည် နိုင်ငံတကာဆက်ဆံမှု၏ စံနမူနာ အမြဲဖြစ်ပါစေဟု ဆုမွန်ကောင်းတောင်းကြောင်း ပြောကြားခဲ့ပါသည်။