ရှီကျင့်ဖိန်သည် ယန်အန်းတော်လှန်ရေးအထိမ်းအမှတ်နေရာများသို့ လေ့လာကြည့်ရှု

(GMT+08:00)2022-10-30 20:23:51  

အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်များကိုဦးဆောင်ပြီး ယန်အန်းမြို့ အနောက် မြောက်ဘက်ရှိ ယန်ကျားလင် တော်လှန်ရေးနေရာဟောင်းသို့ သွားရောက်ခဲ့သည်။ 

၁၉၃၈ ခုနှစ် နိုဝင်ဘာလတွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီသည် ဖုန့်ဟွမ်တောင်မှ ယန်ကျားလင်သို့ ပြောင်းရွှေ့ခဲ့သည်။ ယန်ကျားလင်ကာလအတွင်း တရုတ်ကွန်မြူနစ်ပါတီသည် ၎င်း၏ သတ္တမအကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံကို ကျင်းပခဲ့သည်။

ရှီကျင့်ဖိန်နှင့် ကော်မတီဝင်များသည် တရုတ်ကွန်မြူနစ်ပါတီ သတ္တမအကြိမ်မြောက်ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပရာနေရာသို့ ဦးစွာ သွားရောက်ခဲ့ကြသည်။ ယင်းနောက် ရှီကျင့်ဖိန်နှင့် ကော်မတီဝင်များသည် မော်စီတုန်း စသည့် တော်လှန်ရေးသမားများ၏ နေအိမ်ဟောင်းသို့ သွားရောက်ကြပြီး ယန်ကျားလင်တွင် တော်လှန်ရေးသမားများ၏ တော်လှန်ရေးအတွေ့အကြုံကို ပြန်လည်တွေးတောပြီး တော်လှန်ရေးနေရာဟောင်း၏ ကာကွယ်ရေးအကြောင်းကို လေ့လာခဲ့ကြသည်။ ယင်းနောက် ဘတ်စ်ကားစီးပြီး ယန်အန်းရှိ တော်လှန်ရေးအထိမ်းအမှတ်ခန်းမသို့ သွားရောက်လည်ပတ်ခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ အကြိမ်(၂၀)မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံသည် လက်ရှိ နှင့် အနာဂတ်ကာလများအတွက် ပါတီနှင့်နိုင်ငံ၏ အဓိကမူဝါဒများကို ချမှတ်ခဲ့ပြီး တရုတ်ပုံစံ ခေတ်မီရေးဖြင့် တရုတ်အမျိုးသားပြန်လည်ရှင်သန်ရေးဘက်စုံမြှင့်တင်ရန်အတွက် စီမံကိန်းကို ရေးဆွဲခဲ့ကြောင်း၊ မိမိတို့သည် ပန်းတိုင်သစ်ဆီသို့၊ ခရီးသစ်တစ်ခုသို့ စတင်လိုက်ကြပါစို့ဟု ရှီကျင့်ဖိန်က ပြောကြားပါသည်။