အမေရိကန် နိုင်ငံရေး နယ်ပယ်တွင် အစုရှယ်ယာ ရောင်းဝယ်မှု ကြိုးကိုင်သူ များစွာရှိ

(GMT+08:00)2022-10-28 11:09:14  

၂၀၁၆ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ အချိန်ကာလအတွင်း အမေရိကန် အစိုးရ အရာရှိ ၁၂၀၀၀ခန့်၏ ဘဏ္ဍာရေး အခြေအနေ စာရင်းတွင် အစိုးရ အရာရှိ ၅ပုံ၁ပုံကျော် ပိုင်ဆိုင်ထားသော (သို့) ရောင်းဝယ်သော အစုရှယ်ယာများ၏ ဈေးနှုန်းသည် ၄င်းတို့ အလုပ်လုပ်ကိုင်သော လုပ်ငန်းဌာနများ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များနှင့်အညီ အတက်အကျ ဖြစ်ကြောင်း ဖော်ပြသည်။

လွန်ခဲ့သည့် တစ်လတုန်းက New York Times သတင်းစာမှ စုံစမ်းစစ်ဆေးမှု တစ်ရပ်အရ ၂၀၁၉ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ ကာလအတွင်း အမေရိကန် လွှတ်တော်အမတ် ၉၇ဦးမှ အစီရင်ခံ တင်ပြခဲ့သော အစုရှယ်ယာ စသည့် ရောင်းဝယ်မှုများသည် ၄င်းတို့ အလုပ်လုပ်ကိုင်သော ကော်မတီ၏ တာဝန်ခံလုပ်ငန်းများနှင့် လွန်စွာ ကိုက်ညီနေကြောင်း၊ ၄င်းတို့၏ အစုရှယ်ယာနှင့် ကတိခံဝန်ချက်လက်မှတ် ရောင်းဝယ်မှု အချိန်များသည် သက်ဆိုင်ရာ လုပ်ငန်းကုမ္ပဏီများ အပေါ် လွှတ်တော်မှ စုံစမ်းစစ်ဆေးမှု ပြုလုပ်သည့်အချိန်(သို့) အရေးကြီး သတင်းအချက်အ လက်များကို ထုတ်ပြန်သည့် အချိန်များနှင့် ကိုက်ညီကြောင်း သိရသည်။

အဘယ်ကြောင့် အမေရိကန် နိုင်ငံရေး သမားများသည် ၄င်းတို့ အစိုးရဝန်ထမ်း ရာထူး၏ အားသာချက်ကို အသုံးပြုပြီး ကိုယ်ကျိုး ရရှိရန် ထင်ရာစိုင်း လုပ်ဆောင်နိုင်သလဲ။ တိုက်ရိုက် အကြောင်းရင်းမှာ လက်ရှိအချိန်တွင် ကျင့်သုံးနေသည့် သက်ဆိုင်ရာ ဥပဒေ၏ ထိန်းချုပ်မှု မလုံလောက်ခြင်းကြောင့် ဖြစ်သည်။ ပျော့ပျောင်းသော ဥပဒေသည် အမေရိကန် နိုင်ငံရေး သမားများက နောက်ကွယ်မှ ရရှိသည့် သတင်းအချက်အလက်များဖြင့် အစုရှယ်ယာ ဈေးကွက်တွင် အကျိုးရရှိရန်အတွက် အခြေအနေ ဖန်တီးပေးသည်။ တစ်ချိန်တည်းတွင် အမေရိကန် အစိုးရသည် ယင်းကဲ့သို့သော လုပ်ရပ်မျိုးကို အစွမ်းကုန် အကာအကွယ်ပြုသည်။ ပိုပြီး ရယ်စရာကောင်းသည်မှာ စည်းမျဉ်းဥပဒေ၏ ချွတ်ယွင်းချက်များကို အသုံးပြုပြီး ကိုယ်ကျိုးရရှိသည့် အမေရိကန် အစိုးရ အရာရှိများသည် ဥပဒေပြုရေး အာဏာ ရှိသည်။

Gallup မှ နောက်ဆုံးစစ်တမ်းကောက်ယူမှု ရလဒ်အရ အမေရိကန် ပြည်သူများမှ လွှတ်တော်အပေါ် ယုံကြည်မှုနှုန်းသည် ၇ရာခိုင်နှုန်းအထိ ကျဆင်းပြီး အနိမ့်ဆုံး ဖြစ်ကြောင်း သိရသည်။ အမှန်တကယ်တော့ အမေရိကန် နိုင်ငံရေး သမားများ၏ အစုရှယ်ယာ ရောင်းဝယ်မှု ကြိုးကိုင်ခြင်းသည် “စည်းစနစ်ကျသည့် အဂတိလိုက်စားမှု” တစ်မျိုး ဖြစ်သည်။ ၄င်းတို့ ပြောင်ပြောင်တင်းတင်း အဂတိလိုက်စားကြသော်လည်း အရေးယူမှု မရှိခြင်းသည် အမေရိကန် စနစ်၏ ချွတ်ယွင်းမှုနှင့် နိုင်ငံရေး ဆုတ်ယုတ်မှုကို ပြသနေသည်။