အာဖရိကကို အမှန်တကယ် ကူညီချင်ပါက အမေရိကန်သည် အရေးယူမှုကို အရင် ဖျက်သိမ်းသင့်

(GMT+08:00)2022-10-27 11:09:40  

အောက်တိုဘာလ ၂၅ရက်နေ့သည် တောင်ပိုင်း အာဖရိက ဖွံ့ဖြိုးတိုးတက်ရေး အသိုက်အဝန်း(SADC) သတ်မှတ်ထားသော “အရေးယူမှု ဆန့်ကျင်ရေးနေ့”ဖြစ်သည်။ အာဖရိက နိုင်ငံများစွာက အမေရိကန် စသည့် အနောက်နိုင်ငံများအား ဇင်ဘာဘွေနိုင်ငံ အပေါ် အရေးယူမှုကို ဖျက်သိမ်းရန် ထပ်မံ ပန်ကြားကြသည်။

  ယခုအထိ အမေရိကန်မှ ဇင်ဘာဘွေ အပေါ် တစ်ဖက်သတ် အရေးယူမှုကို ကျင့်သုံးခဲ့သည်မှာ နှစ်ပေါင်း ၂၀ကျော်ကြာ ရှိပြီ ဖြစ်သည်။ သက်ဆိုင်ရာ စာရင်းအရ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀အတွင်း ဇင်ဘာဘွေသည် ပြင်ပမှ အရေးယူမှုများကြောင့် ဖြစ်လာသည့် စီးပွားရေး ဆုံးရှုံးနစ်နာမှု စုစုပေါင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ဘီလီယံ ၄၀ကျော် ရှိကြောင်း သိရသည်။ အမှန်တကယ်တော့ ဇင်ဘာဘွေ အပေါ် အမေရိကန်မှ အရေးယူမှုသည် ကြာရှည်သော ကာလအတွင်း အာဖရိက နိုင်ငံများ၏ ပြည်တွင်းရေးများတွင် အမေရိကန်မှ ဝင်ရောက်စွက်ဖက်မှုများ၏ ပုံရိပ်ငယ် တစ်ခုပင် ဖြစ်သည်။

ယခုအကြိမ် အမေရိကန် အစိုးရ တက်လာခဲ့သည့် နောက်ပိုင်းတွင် အာဖရိကနှင့်  ဆက်ဆံရေးသည် သိသာထင်ရှားစွာ နွေးထွေးလာသည်။ ယခုနှစ် ဇူလိုင်လတွင် အမေရိကန်နှင့် အာဖရိက နိုင်ငံများသည် စက်မှု ကုန်သွယ်ရေး ထိပ်သီး အစည်းအဝေးကို ကျင်းပခဲ့သည်။ ယခုနှစ် သြဂုတ်လတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinkenသည် အာဖရိကသို့ ဒုတိယ အကြိမ် ခရီးလှည့်လည်ပြီး ဆာဟာရာ တောင်ဘက်ရှိ အာဖရိက အပေါ် အမေရိကန်၏ မဟာဗျူဟာသစ်ကို ထုတ်ပြန်ကာ လာမည့် ၅နှစ် အတွင်း အမေရိကန်သည် အာဖရိက၏ တံခါးဖွင့်မှုကို တိုးမြှင့်ပေးပြီး အာဖရိက၏ ကပ်ရောဂါ အခြေအနေမှ နာလန်ပြန်ထူရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ကူညီပံ့ပိုးမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ အမေရိကန် သမ္မတ ဘိုင်ဒင်က ယခုနှစ် ဒီဇင်ဘာလ ဒုတိယ ဆယ်ရက်ပိုင်းတွင် ဝါရှင်တန်၌  အမေရိကန်-အာဖရိက ထိပ်သီး အစည်းအဝေးကို ကျင်းပမည် ဖြစ်ကြောင်း ယခုနှစ် နွေရာသီတွင် ကြေညာခဲ့သည်။ သို့သော် ပြည်သူ့ သဘောထားက အမေရိကန်သည် နိုင်ငံကြီး ယှဉ်ပြိုင်မှုကို အရှိန်မြှင့် တိုးမြှင့်နေသည့် အခြေအနေမျိုးတွင် အမေရိကန်မှ အာဖရိက အပေါ် ကျင့်သုံးသည့် မဟာဗျူဟာသစ်ဆိုသည်မှာ အာဖရိက၏ ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပံ့ပိုးရန် ရည်ရွယ်ထားခြင်း မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်ရေး အမည်ဖြင့် အာဖရိကကို အမေရိကန်၏ မဟာဗျူဟာ အကျိုးစီးပွား အတွက် ဝန်ဆောင်ပေးသည့် လက်ကိုင်တုတ် ဖြစ်စေရန် ရည်ရွယ်ထားကြောင်း ယူဆကြသည်။

လက်ရှိတွင် ယူကရိန်း အကျပ်အတည်း အဆင့်မြင့်လာခြင်းကြောင့် စားနပ်ရိက္ခာ ဖူလုံမှု အကျပ်အတည်းနှင့် စွမ်းအင် အကျပ်အတည်းစသည့် အန္တရာယ်များ တိုးမြင့်လာနေသည်။ ယင်းသည် စီးပွားရေး ရှင်သန်မှုကို ရှာကြံနေသည့် အာဖရိက နိုင်ငံများ အပေါ် အလွန် ကြီးမားသော စိန်ခေါ်မှုကို ဆောင်ကြဉ်းလာသည်။ သို့သော် အမေရိကန် ဦးဆောင်သော အနောက်နိုင်ငံများသည် အာဖရိက ရင်ဆိုင်နေရသော ဖွံ့ဖြိုးတိုးတက်ရေး အခက်အခဲများကို ဂရုမစိုက်ဘဲ အရေးယူမှုများကို ဆက်လက် တိုးမြှင့်နေသည်၊ ဒီ့ထက်မကဘဲ အာဖရိက  နိုင်ငံများအား ဘက်လိုက်ရန် ဖိအားပေးသည်။ ယင်းသည် မီးလောင်ရာ လေပင့်ရာ ကျရောက်သည်။

အမေရိကန်သည် အာဖရိကကို အမှန်တကယ် ကူညီပံ့ပိုးချင်သလား၊ သို့မဟုတ် ချက်လက်မှတ်အလွတ် နောက်တစ်ခုကို ပေးနေတာလား။ အဖြစ်မှန်သည် အကောင်းဆုံး သက်သေပြမှု ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်မှုကို အမှန်တကယ် ပြုလုပ်ချင်ပါက အမေရိကန်သည် အာဖရိက နိုင်ငံ အချို့ အပေါ် ကျင့်သုံးနေသော အရေးယူမှုများကို အရင် ဖျက်သိမ်းသင့်သည်။