ပါကစ္စတန်ဝန်ကြီးချုပ် တရုတ်သို့ လာရောက်လည်ပတ်မည်

(GMT+08:00)2022-10-27 15:11:13  

အောက်တိုဘာလ ၂၆ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန် ၏ ဖိတ်ကြားချက်အရ ပါကစ္စတန်ဝန်ကြီးချုပ် Mian Muhammad Shehbaz Sharifသည် နိုဝင်ဘာလ ၁ ရက်နေ့ မှစ၍ တရုတ်နိုင်ငံသို့ တရားဝင် လာရောက်လည်ပတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ၄င်းမှာ Mian Muhammad Shehbaz Sharifသည် ပါကစ္စတန်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံးအကြိမ် တရုတ် ခရီးစဉ် ဖြစ်ပြီး တရုတ်-ပါကစ္စတန်နှစ်နိုင်ငံ အဆင့်မြင့်အရာရှိများအကြား ရင်းနှီးစွာ ကူးလူး ဆက်ဆံရေး အရှိန်ကို ထိန်းသိမ်းကြောင်း၊ ဝန်ကြီးချုပ် Mian Muhammad Shehbaz Sharif သည်လည်း တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို အောင်မြင်စွာ ကျင်းပပြီးစီးပြီးနောက် ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သော ပထမအသုတ်နိုင်ငံခြားခေါင်းဆောင်များမှ တစ်ဦးအပါအဝင် ဖြစ်ပြီး တရုတ်-ပါကစ္စတန်အကြား တစ်မူထူးခြားသည့် ချစ်ကြည်ရေးနှင့် မဟာဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှုကို ပြဆိုနိုင်ကြောင်း၊ ဝန်ကြီးချုပ် Mian Muhammad Shehbaz Sharif ၏ တရုတ်ခရီးစဉ်တွင် နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်နိုင်ငံ ဆက်ဆံရေး၊ အတူတကွ အလေးထားကြသော နိုင်ငံတကာနှင့် ဒေသတွင်းပြဿနာများ နှင့်ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်မည်ဖြစ်ပြီး တရုတ်-ပါကစ္စတန်ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်ရန် လမ်းပြမြေပုံကို အတူတကွ ရေးဆွဲချမှတ်မည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်နိုင်ငံနှင့်အတူ ယခုအကြိမ်ခရီးစဉ်ကို အခွင့်ကောင်းအဖြစ် ယူပြီး နှစ်နိုင်ငံအကြား ထာဝရ အဆင့်မြင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးကို တစ်ဆင့်တက် တွန်းအားပေးရန်၊ ခေတ်သစ်တွင် ပိုမိုရင်းနှီးသော တရုတ်-ပါကစ္စတန် ကံကြမ္မာတူအသိုက်အဝန်းကို တည်ဆောက်ပြီး ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုနှင့် နိုင်ငံတကာ တရားမျှတမှုကို ကာကွယ်ထိန်းသိမ်းရန် ပိုမိုကြီးမားသော အကျိုးပြု စွမ်းဆောင်မှုများ ပြုလုပ်ရန် မျှော်လင့် ကြောင်း ပြောကြားခဲ့ပါသည်။