ပါတီညီလာခံသို့ တင်ပြသော အစီရင်ခံစာတွင် အနာဂတ် တိုင်းပြည်အုပ်ချုပ်ရေး လမ်းညွှန်ချက်နှင့် နည်းများကို တင်ပြ

(GMT+08:00)2022-10-17 14:19:00  

တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို အောက်တိုဘာလ ၁၆ ရက်နေ့က ပီကင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် စတင်ကျင်းပခဲ့ပြီး ရှီကျင့်ဖိန်သည် (၁၉) ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီကိုယ်စား ညီလာခံသို့ အစီရင်ခံစာ တင်ပြခဲ့ပါသည်။ ထိုသို့ အစီရင်ခံစာတွင် ရှီကျင့်ဖိန်သည် အနာဂတ်တရုတ်ကွန်မြူနစ်ပါတီ၏ တိုင်းပြည်အုပ်ချုပ်ရေး လမ်းညွှန်ချက်နှင့် နည်းများကို ရှင်းလင်းဖော်ပြခဲ့ပါသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍ ခေတ်မီစက်မှုလုပ်ငန်းစည်းစနစ်ကို တည်ဆောက်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကအချက်ကို Real Economy အပေါ် ထားခြင်းကို စွဲကိုင်မည်ဖြစ်ကြောင်း၊ အမျိုးအစားသစ် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးပြီး ကုန်ထုတ်လုပ်မှု အားကောင်းနိုင်ငံ၊ အရည်အသွေးမြင့် အားကောင်းနိုင်ငံ၊ အာကာသလုပ်ငန်း အားကောင်းနိုင်ငံ၊ လမ်းပန်းဆက်သွယ်ရေး အားကောင်းနိုင်ငံ၊ ဆိုက်ဘာနယ်ပယ် အားကောင်းနိုင်ငံနှင့် ဒီဂျစ်တယ် အားကောင်းနိုင်ငံ ဖြစ်လာရန် အရှိန်မြှင့် တည်ဆောက်မည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး တွင် ရရှိခဲ့သော အောင်မြင်မှုများကို ပိုမိုခိုင်မာလာစေပြီး ချဲ့ထွင်လာစေမည်ဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးရေး အားကောင်းနိုင်ငံဖြစ်လာရန် အရှိန်မြှင့် တည်ဆောက်မည် ဖြစ်ကြောင်း၊ စားနပ်ရိက္ခာလုံခြုံရေးအခြေခံအုတ်မြစ်ကို ခိုင်မာအောင် ဘက်စုံ ဆောင်ရွက်မည် ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

နိုင်ငံခြားသို့ တံခါးဖွင့်ရေးနှင့် ပတ်သက်၍ အဆင့်မြင့် နိုင်ငံခြားသို့ တံခါးဖွင့်ရေးကို တွန်းအားပေးမည် ဖြစ်ကြောင်း၊ ကုန်သွယ်ရေး အားကောင်းနိုင်ငံ အရှိန်မြှင့် တည်ဆောက်မည် ဖြစ်ကြောင်း၊ Belt and Road အတူတကွတည်ဆောက်ရေး အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးပြီး ဘက်ပေါင်းစုံပါဝင်ပြီး တည်ငြိမ်သော နိုင်ငံတကာစီးပွားရေးစနစ်နှင့် စီးပွားကုန်သွယ်ရေးဆက်ဆံမှုကို ကောင်းမွန်စွာ ထိန်းသိမ်းမည် ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ပညာရေးနှင့် ဆေးဝါးကုသရေးနှင့် ပတ်သက်၍ ပြည်သူများ ကျေနပ်သော ပညာရေးကို ကောင်းကောင်းလုပ်ရမည် ဖြစ်ကြောင်း၊ အရည်အသွေးမြင့် ပညာရေးစနစ် ဖြစ်လာရန် အရှိန်မြှင့် တည်ဆောက်မည် ဖြစ်ကြောင်း၊ ကျန်းမာသော တရုတ်နိုင်ငံ တည်ဆောက်ရေးကို တွန်းအားပေးမည် ဖြစ်ကြောင်း၊ ပြည်သူ့ကျန်းမာရေးကို ဦးစားပေး ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာမြောက်နေရာတွင် ထားရှိမည် ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ဂေဟယဉ်ကျေးမှုနှင့် ပတ်သက်၍ ကာဗွန် ထုတ်လွှတ်မှု အထွတ်အထိပ် ရောက်ရှိမှု နှင့် ကာဗွန် ဓာတ်ပြယ်မှုကို ခြေလှမ်းမှန်မှန်ဖြင့် တွန်းအားပေးမည် ဖြစ်ကြောင်း၊ စွမ်းအင် တော်လှန်ရေးကို ဇောက်ချပြုလုပ်ပြီး ကျောက်မီးသွေး သန့်ရှင်းပြီး ထိရောက်စွာ အသုံးပြု ခြင်းကို အားသစ်လောင်းပေးမည် ဖြစ်ကြောင်း၊ အမျိုးအစားသစ် စွမ်းအင်စနစ်ကို အရှိန်မြှင့် စီမံကိန်းရေးဆွဲပြီး တည်ဆောက်ကာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တစ်ကမ္ဘာလုံး ပြုပြင်မှုတွင် တက်ကြွစွာ ပါဝင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံတစ်နိုင်ငံ၊ စနစ်နှစ်မျိုးနှင့် ပတ်သက်၍ နိုင်ငံတစ်နိုင်ငံ၊ စနစ်နှစ်မျိုး မူဝါဒ သည် တရုတ် ထူးခြားချက်ဝိသေသ ပါရှိသော ဆိုရှယ်လစ်၏ မွန်မြတ်သော တီထွင်ဖန်တီးမှု ဖြစ်ကြောင်း၊ ဟောင်ကောင်၊ မကာအိုတို့ အမိနိုင်ငံရင်ခွင်သို့ ပြန်လည်ရောက်ရှိပြီးနောက် ရေရှည် စည်ပင်သာယာမှုနှင့် တည်ငြိမ်မှုကို ကာကွယ်ထိန်းသိမ်းရန် အကောင်းဆုံးသော စနစ်ဖြစ်သဖြင့် ရေရှည်စွဲကိုင်ရမည် ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ထိုင်ဝမ်ပြဿနာကို ကိုင်တွယ်ဖြေရှင်းရေးသည် တရုတ်ပြည်သူတို့၏ ကိစ္စပင်ဖြစ်ကြောင်း၊ တရုတ်ပြည်သူတို့ ကိုယ်တိုင်ဆုံးဖြတ်ရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ ပေါင်းစည်းရေး ရှေ့အလားအလာ အတွက် ရိုးသားမှုအရှိဆုံး၊ တတ်နိုင်သမျှ ကြိုးပမ်း ဆောင်ရွက်နေလျက်ရှိကြောင်း၊ သို့သော်လည်း လက်နက်အင်အား အသုံးပြုမှုကို စွန့်လွှတ်ရန် မည်ကဲ့သို့ ကတိမပြုဘဲ လိုအပ်သော နည်းလမ်းမှန်သမျှကို ရှာကြံဆောင်ရွက်ရန် ခြွင်းချန်ထားမည် ဖြစ်ကြောင်း၊ ယင်းသည် ထိုင်ဝမ်မွေးချင်းပေါက်ဖော်အများစုကို ရည်ရွယ်ထားခြင်းမဟုတ်ဘဲ အနှောင့်အယှက်ပေးသော ပြင်ပအင်အားများ၊ ထိုင်ဝမ်သီးခြား တည်ရှိရေးသမားအနည်းစုနှင့် ၄င်းတို့၏ ခွဲထွက်ရေးလှုပ်ရှားမှုကို ရည်ရွယ်ခြင်းပင် ဖြစ်ကြောင်း အစီရင်ခံစာတွင် အထူးဖော်ပြထားပါသည်။