တရုတ်နိုင်ငံအာဏာရပါတီဖြစ်သည့် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံကို အောက်တိုဘာလ ၁၆ ရက်နေ့က ပီကင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ စတင်ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် (၁၉) ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီကိုယ်စား ညီလာခံသို့ အစီရင်ခံစာကို တင်ပြခဲ့ရာ တရုတ်ပြည်အနေနှင့် အရည်အသွေး မြင့်မားသော ဖွံ့ဖြိုးရေးကို တွန်းအားပေးပြီး အဆင့်မြင့်မားသော တံခါးဖွင့်မှုမူဝါဒကို စွဲစွဲမြဲမြဲ စွဲကိုင်မည် ဖြစ်ကြောင်း ဖော်ပြပါသည်။
ယခုမှစ၍ တရုတ်ပြည်သည် ဆိုရှယ်လစ်ခေတ်မီနိုင်ငံ ဘက်စုံတည်ဆောက်သည့် ခရီးစဉ်သစ်ကို စတင်လိုက်ပြီဖြစ်ပြီး အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိက တာဝန်ဖြစ်လာကြောင်း၊ တရုတ်ပြည်သည် ပြည်တွင်း လည်ပတ်ခြင်းကို အဓိကထား၍ ပြည်တွင်းနှင့် ပြည်ပလည်ပတ်ခြင်း ၂မျိုးအကြား အပြန်အလှန် တိုးမြှင့်သည့် ဖွံ့ဖြိုးရေးအနေအထားသစ်ကို အရှိန်မြှင့် ဖြစ်တည်စေရန် ဆောင်ရွက်ပြီး ခေတ်မီစီးပွားရေးစနစ်ကို ပိုမို လျင်မြန်စွာ တည်ဆောက် သွားမည်ဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြပါသည်။
တရုတ်ပြည်သည် တံခါးဖွင့်ရေးမူဝါဒကို ဆက်လက် ကျင့်သုံးဆောင်ရွက်ပြီး အပြန်အလှန် အကျိုးရှိ စေသော တံခါးဖွင့်ရေး မဟာဗျူဟာကို စွဲစွဲမြဲမြဲ စွဲကိုင်ထားကာ တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှုသစ်များ ဖြင့် တစ်ကမ္ဘာလုံးအတွက် အခွင့်အလမ်းသစ်များကို ဖန်တီးပေး၍ ကမ္ဘာ့ပြည်သူများ၏ ချမ်းသာသုခအတွက် ပိုမို ကောင်းမွန်စွာ အကျိုးပြုစွမ်းဆောင်မည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြပါသည်။
တရုတ်ပြည်သည် နိုင်ငံနှင့်ဒေသ ၁၄၀ ကျော်၏ အဓိက ကုန်သွယ်ဖက်ဖြစ်ပြီး ကုန်ပစ္စည်း ကုန်သွယ်မှု စုစုပေါင်းပမာဏမှာ ကမ္ဘာပေါ်တွင် ပထမနေရာတွင် ရှိကာ နိုင်ငံခြားရင်းနှီးငွေ ဆွဲဆောင်မှု နှင့် နိုင်ငံခြားတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ကမ္ဘာပေါ်တွင် ရှေ့တန်းနေရာတွင်လည်း ရှိကြောင်း သိရပါသည်။