တရုတ်ကွန်မြူနစ်ပါတီအကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံကို ပီကင်း၌ စတင်ကျင်းပ

(GMT+08:00)2022-10-16 11:23:37  

       တရုတ်နိုင်ငံအာဏာရပါတီဖြစ်သည့် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံကို အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီတွင် ပီကင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ စတင်ကျင်းပခဲ့ရာ ကိုယ်စားလှယ် ၂၃၀၀ ကျော်နှင့် အထူးဖိတ်ခေါ်သော ကိုယ်စားလှယ်များ၊ ပါတီဝင်မဟုတ်သောမိတ်ဆွေများနှင့် သက်ဆိုင်ရာ တာဝန်ခံပုဂ္ဂိုလ်များ တက်ရောက်ကြကြောင်း၊ ယင်းအစည်းအဝေးကို အောက်တိုဘာလ ၁၆ ရက်နေ့မှနေ ၂၂ ရက်နေ့အထိ ကျင်းပမည် ဖြစ်ကြောင်း China Media Group မှသတင်းအရ သိရပါသည်။

       ယင်းအစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ဗဟိုကော်မတီ အစီရင်ခံစာကို ကြားနာစိစစ်ပြီး ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစည်းကမ်း ကြီးကြပ်ရေး ကော်မရှင်၏ လုပ်ငန်းအစီရင်ခံစာကို စိစစ်ကာ ပါတီအခြေခံစည်းမျဉ်းဥပဒေ (ပြင်ဆင်ရေးမူကြမ်း) ကို စိစစ် အတည်ပြုမည့်အပြင် ဗဟိုကော်မတီသစ်နှင့် ဗဟိုစည်းကမ်း ကြီးကြပ်ရေး ကော်မရှင်သစ်ကို ရွေးချယ်တင်မြှောက်မည် ဖြစ်သည်။

       သမိုင်းသက်တမ်း ၁၀၁ နှစ်ရှိသည့် တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတည်ထောင်ခဲ့သည့်နောက်ပိုင်း ၇၃နှစ်ဆက်တိုက် အာဏာကျင့်သုံးပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံနှင့် ၎င်းမှတစ်ဆင့် ရွေးချယ် တင်မြှောက်သော ဗဟိုကော်မတီသည် တရုတ်ကွန်မြူနစ်ပါတီ၏ အမြင့်ဆုံးဦးဆောင်ဌာနဖြစ်ပြီး တရုတ် ကွန်မြူနစ်ပါတီပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံကို ၅ နှစ်တစ်ကြိမ် ကျင်းပကြောင်း သတင်းအရ သိရပါသည်။