တရုတ်ကွန်မြူနစ်ပါတီအကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံကို စတင်ကျင်းပခဲ့ပြီး ရှီကျင့်ဖိန်သည် အစီရင်ခံစာ တင်ပြ

(GMT+08:00)2022-10-16 16:25:16  

       တရုတ်နိုင်ငံအာဏာရပါတီဖြစ်သည့် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံကို အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီတွင် ပီကင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ စတင်ကျင်းပခဲ့ပြီး ရှီကျင့်ဖိန်သည် (၁၉) ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီကိုယ်စား ညီလာခံသို့ အစီရင်ခံစာ တင်ပြခဲ့ကြောင်း China Media Group မှသတင်းအရ သိရပါသည်။

       ယင်းအစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ဗဟိုကော်မတီ အစီရင်ခံစာကို ကြားနာစိစစ်ပြီး ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစည်းကမ်း ကြီးကြပ်ရေး ကော်မရှင်၏ လုပ်ငန်းအစီရင်ခံစာကို စိစစ်ကာ ပါတီအခြေခံစည်းမျဉ်းဥပဒေ (ပြင်ဆင်ရေးမူကြမ်း) ကို စိစစ် အတည်ပြုမည့်အပြင် ဗဟိုကော်မတီသစ်နှင့် ဗဟိုစည်းကမ်း ကြီးကြပ်ရေး ကော်မရှင်သစ်ကို ရွေးချယ်တင်မြှောက်မည် ဖြစ်သည်။

ရှီကျင့်ဖိန်က ယခုအချိန်မှစပြီး တရုတ်ကွန်မြူနစ်ပါတီ၏ အဓိက တာဝန်သည် တစ်ပြည်လုံး တိုင်းရင်းသား ပေါင်းစုံမှ ပြည်သူများကို စည်းလုံးညီညွတ်စွာ ဦးဆောင်ပြီး အင်အားတောင့်တင်းသော ဆိုရှယ်လစ် ခေတ်မီနိုင်ငံ ဖြစ်အောင် ဘက်စုံ တည်ဆောက်ရန်၊ ဒုတိယ နှစ် ၁၀၀ ကြိုးပမ်းဆောင်ရွက်ရေး ရည်မှန်းချက်ကို ဖေါ်ဆောင်ရန်နှင့် တရုတ်အသွင်ပုံစံခေတ်မီရေးဖြင့် တရုတ်အမျိုးသား၏ မွန်မြတ်သော ရှင်သန်ရေးကို ဘက်စုံ တွန်းအားပေးရန် ဖြစ်ကြောင်း၊  အင်အားတောင့်တင်းသော ဆိုရှယ်လစ် ခေတ်မီနိုင်ငံ ဖြစ်အောင် ဘက်စုံ တည်ဆောက်ရေး မဟာဗျူဟာတစ်ခုလုံးကို ခြေလှမ်း နှစ်လှမ်းခွဲပြီး သွားမည် ဖြစ်ကာ၊ ၂၀၂၀ ပြည့်နှစ်မှ ၂၀၃၅ ခုနှစ်အထိ ဆိုရှယ်လစ် ခေတ်မီရေးကို အခြေခံအားဖြင့် အကောင်အထည်ဖေါ်ဆောင်ပြီး ၂၀၃၅ ခုနှစ်မှ ယခုရာစု အလယ်ပိုင်းအထိ တရုတ်နိုင်ငံကို အင်အားတောင့်တင်းသည့် ချမ်းသာပြီး ဒီမိုကရေစီကျသော၊ ယဉ်ကျေးပြီး သင့်မြတ်ဖေါ်ရွေသော သာယာလှပသော ဆိုရှယ်လစ် ခေတ်မီနိုင်ငံကို တည်ဆောက်မည် ဖြစ်ကြောင်း၊ လာမည့် ငါးနှစ်သည် ဆိုရှယ်လစ် ခေတ်မီရေးနိုင်ငံကို ဘက်စုံတည်ဆောက်ရန် စတင်မည့် သော့ချက်ကျသော အချိန်ကာလ ဖြစ်ကြောင်း၊ ပြောကြားခဲ့သည်။

အစီရင်ခံစာတွင် အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးခြင်း၊ ခေတ်မီရေး တည်ဆောက်မှု တွင် လူတော်လူကောင်းများရေးရာကို အလေးထားခြင်း၊ ပြည်သူပြည်သားများ ကိုယ့်ဆန္ဒအလျောက် ဆောင်ရွက်ရေးကို အာမခံပေးခြင်း၊ ဥပဒေ စိုးမိုးရေးကို အားသစ်လောင်းပေးခြင်း၊ ပြည်သူများ၏ နေထိုင်မှုဘဝ အရည်အသွေး တိုးမြှင့်ခြင်း၊ လူနှင့် သဘာဝ သင့်မြတ်စွာ အတူယှဉ်တွဲရေး တိုးမြှင့်ခြင်း၊ နိုင်ငံတော် လုံခြုံမှုနှင့် ရပ်ရွာအေးချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ခြင်း၊ လူသား ကံကြမ္မာတူ အသိုင်းအဝန်း တည်ထောင်ရေးကို တွန်းအားပေးခြင်း စသည့်ဘက်များတွင် ဒုတိယ နှစ် ၁၀၀ ကြိုးပမ်းဆောင်ရွက်ရေး ရည်မှန်းချက်သို့ ချီတက်ရန် အတွေးအခေါ်သစ်၊ မဟာဗျူဟာသစ်နှင့် ဆောင်ရွက်ချက်သစ်များကို တင်ပြ ထားပါသည်။

ကိုယ်စားလှယ် ၂၃၀၀ ကျော်နှင့် အထူးဖိတ်ခေါ်သော ကိုယ်စားလှယ်များ၊ ပါတီဝင်မဟုတ်သောမိတ်ဆွေများနှင့် သက်ဆိုင်ရာ တာဝန်ခံပုဂ္ဂိုလ်များ ယင်းညီလာခံသို့ တက်ရောက်ကြသည်။ ယင်းညီလာခံကို အောက်တိုဘာလ ၁၆ ရက်နေ့မှနေ ၂၂ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး ညီလာခံတွင် တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ဗဟိုကော်မတီ အစီရင်ခံစာကို ကြားနာစိစစ်ပြီး ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစည်းကမ်း ကြီးကြပ်ရေး ကော်မရှင်၏ လုပ်ငန်းအစီရင်ခံစာကို စိစစ်ကာ ပါတီအခြေခံစည်းမျဉ်းဥပဒေ (ပြင်ဆင်ရေးမူကြမ်း) ကို စိစစ် အတည်ပြုမည့်အပြင် ဗဟိုကော်မတီသစ်နှင့် ဗဟိုစည်းကမ်း ကြီးကြပ်ရေး ကော်မရှင်သစ်ကို ရွေးချယ်တင်မြှောက်မည် ဖြစ်သည်။

       သမိုင်းသက်တမ်း ၁၀၁ နှစ်ရှိသည့် တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတည်ထောင်ခဲ့သည့်နောက်ပိုင်း ၇၃နှစ်ဆက်တိုက် အာဏာကျင့်သုံးပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံနှင့် ၎င်းမှတစ်ဆင့် ရွေးချယ် တင်မြှောက်သော ဗဟိုကော်မတီသည် တရုတ်ကွန်မြူနစ်ပါတီ၏ အမြင့်ဆုံးဦးဆောင်ဌာနဖြစ်ပြီး တရုတ် ကွန်မြူနစ်ပါတီပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံကို ၅ နှစ်တစ်ကြိမ် ကျင်းပကြောင်း သတင်းအရ သိရပါသည်။