အမေရိကန် အနေနဲ့ “အကုန်လုံး ရှုံးနိမ့်သွားတဲ့” တရုတ်ပြည်အပေါ် ကုန်သွယ်ရေးစစ်ပွဲမှာ သင်ခန်းစာ ယူသင့်တယ်

(GMT+08:00)2022-10-14 16:27:57  

မကြာခင်က အမေရိကန် Capitol Hill သတင်းစာမှာ အမေရိကန်ရဲ့ တရုတ်ပြည် အပေါ် ကုန်သွယ်ရေးစစ်ပွဲဟာ စီးပွားရေး၊ နိုင်ငံရေးနဲ့ ဥပဒေအရ အကုန်လုံး ရှုံးနိမ့်ပြီလို့ ဝန်ခံ ဖေါ်ပြခဲ့တယ်။

၂၀၁၈ ခုနှစ် မတ်လမှာ အဲဒီတုန်းက ထရမ့်အစိုးရဟာ တရုတ်ပြည်အပေါ် ကုန်သွယ်ရေး စစ်ပွဲကို စတင် ပြုလုပ်ပြီး အမေရိကန်ဒေါ်လာ ဘီလီယံ ၃၆၀ လောက် ရှိတဲ့ တရုတ်ပြည်ရဲ့ အမေရိကန်သို့ ပို့ကုန်ပစ္စည်းများအပေါ် ရှေ့ဆင့်နောက်ဆင့် အခွန် တိုးကောက်ကာ ကုန်သွယ်ရေးစစ်ပွဲ အောင်ဖို့ လွယ်တယ်လို့လည်း ဆိုခဲ့တယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ဘိုင်ဒန်အစိုးရက အာဏာ ရခဲ့ပြီးနောက် ထရမ့်အစိုးရရဲ့ တရုတ်ပြည် အပေါ် အခွန်ကောက်ယူရေး ပေါ်လစီကို ဆက်လက် ကျင့်သုံးခဲ့တယ်။ ဒါပေမယ့် အမေရိကန်ရဲ့ အဲဒီ လေးနှစ်ကြာကြာ ဆက်တိုက် ပြုလုပ်တဲ့ အခွန် စစ်ပွဲဟာ ကိုယ့်အတတ်ကိုယ်စူးပဲ ဖြစ်တယ်လို့ အဖြစ်မှန်များက ပြသခဲ့တယ်။

အမေရိကန် Moody's ကုမ္ပဏီမှ လေ့လာချက်အရ အမေရိကန်ရဲ့ တရုတ်ပြည် အပေါ် ကုန်သွယ်ရေးစစ်ပွဲမှာ ၉၀ ရာခိုင်နှုန်းကျော် ဖြစ်တဲ့ အခွန် ကုန်ကျစရိတ်ကို အမေရိကန်ကပဲ ခံထားခဲ့တယ်။ အမေရိကန် Bloombergကလည်း တရုတ်ပြည်အပေါ် အခွန် တိုးကောက်ခြင်းဟာ အမေရိကန် စားသုံးသူနဲ့ ကုမ္ပဏီများရဲ့ ကုန်ကျစရိတ်ကို အမြောက်အမြား တိုးလာစေပြီး အမေရိကန်ရဲ့ ကုန်ထုတ်လုပ်မှု ပြန်လည် ရှင်သန်ဖို့ ရည်ရွယ်ချက်လည်း မထမြောက်ဖြစ်ဘူးလို့ ဖေါ်ပြခဲ့တယ်။

အမေရိကန် ကုန်သွယ်ရေး ဝန်ကြီးဌာနရဲ့ အချက်အလက်အရ ၂၀၂၁ ခုနှစ်မှာ အမေရိကန်နဲ့ တရုတ်ပြည် ကုန်ပစ္စည်း ကူးသန်းရောင်းဝယ်မှုမှာ အမေရိကန်ရဲ့ လိုငွေပြမှု ၁၄.၅ ရာခိုင်နှုန်း တိုးလာပြီး ၂၀၁၈ ခုနှစ် နောက်ပိုင်း အများဆုံး ဖြစ်တယ်။ သက်ဆိုင်ရာ လေ့လာချက်အရ တရုတ်ပြည်နဲ့ ကုန်သွယ်ရေးစစ်ပွဲကြောင့် အမေရိကန် ကုမ္ပဏီများရဲ့ အစုရှယ်ယာ တန်ဖိုးကို ဒေါ်လာ ဘီလီယံ ၁၇၀၀ လောက် နစ်နာဆုံးရှုံးစေပြီး အလုပ်အကိုင်နေရာ ၂ သိန်း ၅ သောင်းလောက် ဆုံးရှုံးစေကာ မိသားစုတိုင်းရဲ့ နှစ်စဉ် ပျမ်းမျှ အသုံးစရိတ်ကို ဒေါ်လာ ၁၃၀၀ လောက် တိုးလာစေခဲ့တယ်။ စင်ကာပူ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒယ်ဗေ အာဒမမ် ပြောသလိုပဲ ကုန်သွယ်ရေးစစ်ပွဲဟာ တရုတ်ပြည် စီးပွားရေးကို ထိခိုက်မှု မရှိဘဲ ပြောင်းပြန်ပြီးတော့ အမေရိကန် စီးပွားရေးကို ထိခိုက်ခဲ့တယ်။

ပူးပေါင်းဆောင်ရွက်ပါက နှစ်ဖက်စလုံးအတွက် အကျိုးရှိမယ်၊ တိုက်ခိုက်မှု ပြုလုပ်ပါက နှစ်ဖက်စလုံးကို ထိခိုက်မယ်၊ အဲဒါဟာ အဖြစ်မှန်များက အကြိမ်ကြိမ် သက်သေ ထူပြထားတဲ့ စစ်မှန်တဲ့ သဘောတရား ဖြစ်တယ်။ အမေရိကန် အနေနဲ့ ဆုံးရှုံးမှုထဲမှ သင်ခန်းစာ ယူပြီး မှားယွင်းတဲ့ လုပ်ဆောင်မှုကို ပြင်ဆင်နိုင်ဖို့ မျှော်လင့်တယ်လို့ China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။