ယနေ့တရုတ်နိုင်ငံနှင့် တရုတ်ကွန်မြူနစ်ပါတီ

(GMT+08:00)2022-10-13 13:43:20  

၁၉၂၁ ခုနှစ်မှစပြီး တရုတ်ကွန်မြူနစ်ပါတီဝင်များသည် ပြည်သူသည်သာ အဓိကဟု ကြွေးကြော်ပြီး နိုင်ငံတော်တည်ထောင်မှုတွင် အင်တိုက်အားတိုက် ပါဝင်ခဲ့သည်ကို တွေ့ရသည်။ ခေတ်အဆက်ဆက်တွင် တရုတ်ကွန်မြူနစ်ပါတီ၏ စွမ်းဆောင်ရည်သည် ကမ္ဘာနှင့်ချီသည့် စိန်ခေါ်မှုများကြားတွင် တရုတ်ထူးခြားချက် ပါရှိသည့် ဆိုရှယ်လစ် လမ်းစဉ်ဖြင့် တရုတ်အမျိုးသားများ၏ ဖွံ့ဖြိုး တိုးတက်ရေး သမိုင်းဖြစ်စဉ်ကို ဦးလည်မသုန် တွန်းအားပေးခဲ့သည်ကို တွေ့ရသည်။ 

ယင်းကြောင့် လွန်ခဲ့သည့် နှစ်ပေါင်း တစ်ရာလောက်က လူအနည်းငယ်ဖြင့် စတင်ဖွဲ့စည်းခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီသည် ယနေ့ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံတွင် အင်အားကြီး နိုင်ငံရေးပါတီ တစ်ခုအဖြစ် ရပ်တည်လာနိုင်ခဲ့သည်။ ပါတီဝင်အင်အားသည်လည်း ၉၅ သန်းကျော်ရှိခဲ့ပြီဖြစ်သည်။ အထူးသဖြင့် ပါတီတွင် တရုတ်ကွန်မြူနစ်ပါတီဝင်လူငယ်များသည် ပါတီတာဝန်ကို ပုခုံးပြောင်း ထမ်းဆောင်ဖို့ လိုလားစွာ ပါဝင်လာကြသည်ကို ယခုနှစ်ပိုင်းတွင် ထူးခြားစွာ တွေ့ရသည်။ ပါတီဝင် လူငယ်များက ပါတီသည် နှစ် ၁၀၀ ဖြတ်သန်းခဲ့ပြီးပါပြီ။ လက်ရှိအချိန်ထိ အကောင်းဆုံးနှင့် စံပြဖြစ်နေတုန်းပါပဲ။ ၄င်းတို့ ကြီးပြင်းလာသည့် တစ်လျှောက် တရုတ်ကွန်မြူနစ်ပါတီသမိုင်းကို အများကြီးလေ့လာဖြစ်ခဲ့သည်။ ပါတီသည် တရုတ်ပြည်သူများကို မည်ကဲ့သို့ ရှေ့တန်းရောက်အောင် ပို့နိုင်ခဲ့သည်ကို တွေ့မြင်ခဲ့သည်။ ၄င်းတို့သည် ယင်းသို့ အံ့ဖွယ် ကောင်းသည့် အဖွဲ့ထဲကိုဝင်ပြီး လေးလံသည့်တာဝန်များကို ပုခုံးပြောင်းတာဝန်ယူပြီး ၄င်းတို့၏ ငယ်ရွယ် နုပျိုသည့် အားမာန်များကို ပါတီနှင့်အတူ ဝေမျှနိုင်ဖို့ မျှော်လင့်ကြောင်း ပြောဆိုလေ့ ရှိကြသည်။ လူငယ် မျိုးဆက်၏ ထောက်ပံ့မှုဖြင့် တရုတ်ကွန်မြူနစ်ပါတီ၏ မူဝါဒများ ရှေ့လာမည့် နှစ်များတွင်လည်း စဉ်ဆက်မပြတ် တိုးတက်အောင်မြင်မည်ဟု ယုံကြည်မိသည်။ 

ပြီးခဲ့သည့်လက ကျွန်မသည် ယူနန်ပြည်နယ် နုကျန်းဒေသကို ရိုက်ကူးရေးကိစ္စနှင့် ရောက်ခဲ့သည်။ တစ်နေ့ ရိုက်ကူးရေးလုပ်ရင်း နုကျန်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ညနေစာ ၀င်စားဖြစ်သည်။ ထိုဆိုင်သည် လမ်းဘေးက ရိုးရိုး ခေါက်ဆွဲပြုတ်ဆိုင်တစ်ခုပင်ဖြစ်သည်။ သို့သော်ထူးခြားသည်က ထိုဆိုင်တွင် ရောင်းသည့် ခေါက်ဆွဲပြုတ်ပန်းကန်ပင်ဖြစ်သည်။ ခေါက်ဆွဲပြုတ်ပန်းကန်သည် တရုတ်ကွန်မြူနစ်ပါတီဝင်များ၏ ပုံများ၊ တရုတ်ကွန်မြူနစ်ပါတီဝင်များ ပြောလေ့ရှိသည့် ဆိုစကားများပါသည့် ကြွေရည်သုတ်ပန်းကန်များ ဖြစ်နေသည်။ ထိုဆိုင်သည် တရုတ်ကွန်မြူနစ်ပါတီကို အားပေးထောက်ခံယုံကြည်မှုရှိသည့် ဆိုင်ဖြစ်မည်ဟု သုံးသပ်ရသည်။ ကျွန်မသည် တရုတ်နိုင်ငံအနှံ့ ခရီးများစွာ သွားဖူးသည်။ တရုတ်ကွန်မြူနစ်ပါတီပုံပါသည့် ကြွေရည်သုတ် ပန်းကန်ဖြင့် ဈေးရောင်းသည့်ဆိုင်ကို တစ်ခါဖူးမျှ မကြုံဖူး။ ထို့ကြောင့် ထူးထူးဆန်းဆန်း ဖြစ်မိသည်။ ကျွန်မတို့သည် ခေါက်ဆွဲမစားခင် တရုတ်ကွန်မြူနစ် ပါတီဝင်များ၏ ပုံနှင့်စာပါ အကြောင်းအရာများကို အလျင်အမြန်ဖတ်ကြည့်ကြသည်။ လက်မြှောက် အလုပ်လုပ်ကြပါစို့။  ပြည်သူသည်သာ အဓိက ဆိုသည့် ဆောင်ပုဒ်များ ပါသည်။ ထိုဆိုင်တွင် တရုတ်ကွန်မြူနစ် ပါတီပုံပါသည့် ပန်းကန်ဖြင့် ခေါက်ဆွဲစားကြသူ များစွာ ရှိနေသည်။ ထိုမျှထိ တရုတ်ကွန်မြူနစ် ပါတီသည် တရုတ်ပြည်သူများအပေါ် လွှမ်းမိုးမှုရှိနေပြီး ပြည်သူများ၏ ချစ်ခင်မှုရရှိထားသည်ကို တွေ့ခဲ့ရသည်။ 

တစ်ခါကလည်း ကျွန်မသည် တရုတ်ပြည်၏ အဆင်းရဲဆုံးဆိုသည့် စီချွမ်းပြည်နယ်က ဆင်းရဲသည့် ဒေသတစ်ခုကို အလုပ်ကိစ္စဖြင့် သွားရောက်လေ့လာခွင့်ရခဲ့သည်။ လမ်းမကြီးနှင့် အတော် ဝေးကွာသည့်  တောင်ပေါ်မှာရှိသည့် တောနက်ထဲက ကျေးရွာများကို ကားနှင့်သွားခဲ့သည်။ တစ်နေရာတွင် ယာခင်းထဲ အလုပ်လုပ်နေသည့် အသက် ၆၀ ကျော် အဒေါ်တစ်ဦးနှင့် အမှတ်မထင် ဆုံသည်။ ကျွန်မက သူ့အနားကို သွားလိုက်ပြီး အဒေါ်ဘာလုပ်နေတာလဲ၊ အထွက်ကောင်းရဲ့လားဟု မေးလိုက်သည်။ သူက ငါ့လယ် အထွက် ကောင်းတယ်။ ဒီမှာ ကြည့် ငါ့လယ်ကထွက်တဲ့ အာလူးဆိုပြီး မြေကြီးထဲက အာလူးပင်ကို ဆွဲနုတ်ပြသည်။ အာလူးပင်မှာ အာလူးသီးတွေက ပြွတ်သိပ်ပြီး အသီးတွေကလည်း ထွားသည်။ ငါ့မှာ အခု မိဘတွေ မရှိတော့ဘူး။ ဒါပေမဲ့ ကွန်မြူနစ်ပါတီက ငါ့ကို ဓာတ်မြေသြဇာထောက်ပံ့ပေးတယ်။ စိုက်ပျိုးစရိတ် ထောက်ပံ့ ပေးတယ်။ ကွန်မြူနစ်ပါတီက ငါ့ရဲ့ အဖေအမေလိုပဲဟု သူက ကျွန်မကို ပြောသည်။ ကျွန်မ သူ့ပြောစကားကို နားထောင်ပြီး တရုတ်ကွန်မြူနစ်ပါတီအပေါ် တရုတ်ပြည်သူတစ်ဦး၏ ယုံကြည်ကိုးစားမှုကို မထင်မှတ်ဘဲ တွေ့လိုက်ရလို့ အံ့သြမှင်တက် ဖြစ်ခဲ့ရသည်။ 

နောက်တစ်ရက်တွင် တောနက်ထဲကနေ မြို့ကိုရွှေ့ပြောင်းလာကြသည့် ဆင်းရဲမှု အလုံးစုံ ပပျောက်သွားပြီဖြစ်သည့် လူနေအိမ်ရာရပ်ကွက်တစ်ခုကို ကျွန်မရောက်ခဲ့ပြန်သည်။ စီချွမ်းပြည်နယ်က ယီရှင်း လူနေရပ်ကွက်ပင်ဖြစ်သည်။ ယီးလူမျိုး အများစု ရှိသည်။ ရွှေ့ပြောင်းနေထိုင်သူ ထောင်ကျော်ရှိလို့ အထပ်မြင့် တိုက်အိမ်တန်းတွေကလည်း များသည်။ လမ်းတွေကလည်း ဖြောင့်ဖြူးသည်။ သုံးထပ်အမြင့်မှာရှိသည့် လူနေအိမ်ခန်းတစ်ခုကို ကျွန်မ သွားကြည့်သည်။ ခပ်ငယ်ငယ် မိန်းကလေးတစ်ဦးသည် ကလေးနှစ်ယောက်နှင့် တီဗီထိုင်ကြည့်နေသည်။ သူ့အိမ်ကို ကျွန်မတို့ ရောက်လာတော့ သူက ကျွန်မတို့ကို ဧည့်ခံစကား ပြောရှာသည်။ ကျွန်မက သူ့၏ ကလေးငယ်တစ်ဦးကို ၀ိုင်းကူထိန်းပေးရင်း သိချင်တာလေးတွေ မေးမိသည်။ ဒီအိမ်က မင်းရဲ့အပိုင်လား ဆိုတော့၊ ဟုတ်တယ် ဒီအိမ်က ကျွန်မရဲ့ အပိုင်၊ ကျွန်မတို့ ဒီအိမ်ကြေးကို အလုပ်လုပ်ရင်း တဖြည်းဖြည်း သွင်းခဲ့တယ်။ အခု အိမ်ဖိုးကျေ သွားလို့ ဒီအိမ် ကျွန်မတို့ပိုင်ပြီ။ ခဏစောင့် အိမ်ပိုင်ဆိုင်မှု စာချုပ်ပြမယ်ဆိုပြီး သူ၏ အိမ်ပိုင်ဆိုင်မှု စာချုပ်ကို ဗီရိုထဲကနေ ထုတ်ပြသည်။ သူမသည် အိမ်ရာမှာ လာဖွင့်ထားသည့် ပန်းထိုးအလုပ်ကို ကလေးထိန်းရင်း အိမ်မှာပင် ယူပြီး အလုပ်လုပ်သည်ဟု သိရသည်။ သူ့ယောကျာ်းကမူ တခြားမြို့တွင် အလုပ်သွားလုပ်နေသည်ဟု ဆိုသည်။ ကလေးအကြီးလေးက ကျောင်းနေအရွယ် ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် ရပ်ကွက်ထဲ ဖွင့်ထားသည့်ကျောင်းတွင် ထားသည် ဆိုသည်။ သူသည် မူလက တောနက်ထဲက ကျေးရွာလေးတွင် ဆင်းရဲစွာ နေထိုင်ခဲ့သည်။ ယခု တရုတ် ကွန်မြူနစ်ပါတီဝင် ကေဒါခေါင်းဆောင်များ၏ ဦးဆောင်စည်းရုံးမှုဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းသည့် မြို့ပြကို ရောက်ရှိလာတော့ နဂိုမူလဘ၀လို ကြမ်းတမ်းခက်ခဲမှုပျောက်ပြီး လစဉ် ၀င်ငွေရသည့် အလုပ်ကို ရရှိလာသလို သူ၏ လူမှုဘ၀သည်လည်း ယခင်နှင့်မတူ ပြောင်းလဲမှုကို ခံစားလာခဲ့ရသည်။ ထို့ပြင် သူမအိမ်တွင် ထူးခြားချက်တစ်ခုကို ကျွန်မက ထင်ရှားစွာ တွေ့မိခဲ့သေးသည်။ ထိုထူးခြားချက်သည် တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်းများ၏ ဓာတ်ပုံများကို သူမ၏ ဧည့်ခန်းအိမ်နံရံတွင် ခန့်ညားစွာ ကပ်ထားခြင်းပင် ဖြစ်သည်။ ဒီလိုမြင်ကွင်းမျိုး ချင်းဟိုင်း တိဘက်ဒေသကို သွားတုန်းကလည်း ကျွန်မ မြင်ဖူးသည်။ ချင်းဟိုင် တိဘက်ဒေသရှိ အိမ်တချို့တွင်လည်း တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင် များ၏ ဓာတ်ပုံများကို ဧည့်ခန်းနံရံတွင် ကပ်ထားကြသည်ကို ကျွန်မ တွေ့ခဲ့ဖူးသည်။ ကျွန်မက ထိုသို့သော မြင်ကွင်းကို တစ်ခါမက မြင်တွေ့ရဖန်များလာတော့ တရုတ်ကွန်မြူနစ်ပါတီအပေါ် တရုတ်ပြည်သူများ၏ အားကိုးယုံကြည်မှုနှင့် ထောက်ခံမှုကို စေ့ငု တွေးကြည့်မိသည်။ တရုတ်ကွန်မြူနစ်ပါတီအပေါ် တရုတ်ပြည်သူ များ၏ ကျေနပ်မှုနှင့် ယုံကြည်ထောက်ခံမှုသည် တစ်နိုင်ငံလုံးအနှံ့၊ နေရာအနှံ့ တစ်နေ့တခြား မြင့်မားလျက် ရှိသည်ဟု သုံးသပ်မိသည်။

အထူးသဖြင့် တရုတ်ကွန်မြူနစ်ပါတီသည် ယနေ့ကာလတွင် တရုတ်ပြည်သူများ၏ ထောက်ခံမှု ပိုလို့ပင် ရလာသည်ဟု ဆိုရမည်ဖြစ်သည်။ အဓိကအကြောင်းရင်းမှာ တရုတ်ကွန်မြူနစ်ပါတီသည် နှစ် ၁၀၀ ကျော်ကာလအတွင်း တရုတ်ပြည်သူများအတွက် တစ်ဦးချင်း ပျမ်းမျှဝင်ငွေ တိုးများလာအောင် ဆောင်ရွက် ပေးထားနိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သလို တံခါးဖွင့်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်နိုင်ခဲ့သည် ကိုလည်း တွေ့ရမည်ဖြစ်သည်။ ထို့အပြင် ကျေးလက်နေ ဆင်းရဲသူမိသားစု သန်း ၇၇၀ ကို ဆင်းရဲမှုမှ ရုန်းထွက်နိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်ကိုလည်း တွေ့ရသည်။ ထို့အပြင် နောက်ထပ် ကြီးမားသည့် ဆောင်ရွက်ချက်အဖြစ် ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးကို တရုတ်နိုင်ငံအတွင်း အချိန်တိုအတွင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်သူများ၏ ၀င်ငွေများ၊ အလုပ်အကိုင်များ၊ နေထိုင်စားသောက်ရမှုများ၊ သာယာအေးချမ်းမှုများ စသဖြင့် ပြည်သူ့ လူမှုနေထိုင်မှု ဘ၀များ ကိုဗစ် ဖြစ်ပွားသည့်ကာလမှာပင် သို့မဟုတ် တစ်ကမ္ဘာလုံး စီးပွားရေးအကျပ်အတည်းများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှု များသည့် ယခုလိုကာလမှာပင် နိုင်ငံ့စီးပွားရေး အောက်သို့ထိုးဆင်းမသွားဘဲ မူလထက် ပိုမိုကောင်းမွန် အဆင်ပြေလာအောင် လုပ်ဆောင်နိုင်ခဲ့ခြင်းသည် တရုတ်ကွန်မြူနစ်ပါတီအပေါ် တရုတ်ပြည်သူများ၏ ယုံကြည်မှုများ ပိုမို တိုးလာစေခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။   

အချုပ်အားဖြင့်ဆိုရလျှင် တရုတ်ကွန်မြူနစ်ပါတီကို တည်ထောင်ခဲ့သည့်မှာ ယနေ့တွင် နှစ်ပေါင်း ၁၀၁ နှစ်ထိတိုင် ရောက်ရှိခဲ့ပြီဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီသည် တိုင်းပြည်ကို ကာကွယ်ခဲ့သည်။ တရုတ် ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်များသည် ပြည်သူ့အတွက် မျက်နှာမူခဲ့ကြသည်။  တရုတ်ကွန်မြူနစ်ပါတီသည် ပြည့်သူ့အတွက် ပေးဆပ်ခဲ့ကြသည်။ သမိုင်းသည် ရေလို မရပ်တန့်ဘဲ အမြဲ စီးဆင်းနေသလို တရုတ်ကွန်မြူနစ် ပါတီသည်လည်း တရုတ်ပြည်သူများ၏ ထောက်ခံမှုအားဖြင့် ခေတ်သစ်၊ ခရီးသစ်တွင် အတွေးအခေါ်သစ်၊ မဟာဗျူဟာသစ်၊ နည်းလမ်းသစ်၊ ပါတီဝင်သစ်များဖြင့် အိုဟောင်းနေသည့် ကမ္ဘာကို ဖြိုဖျက်နိုင်ရုံတင်မက ခေတ်မီတရုတ်နိုင်ငံကို တည်ဆောက်ဖို့ ကြယ်ငါးပွင့်အလံအောက်က လှေနီကြီးကို တိုင်းရင်းသားစည်းလုံး ညီညွတ်မှုဖြင့် ချီတက်နိုင်ပြီဟု ဆိုရမည်ဖြစ်သည်။ ယင်းကြောင့် တရုတ်ကွန်မြူနစ်ပါတီ၏ သမိုင်းကောင်းကို တရုတ်ကွန်မြူနစ်ပါတီနှင့် ပါတီဝင်များ၊ တရုတ်ကွန်မြူနစ်ပါတီကို ချစ်မြတ်နိုးကြသည့် ပြည်သူများက ကောင်းမွန်စွာ ရေးထိုးနိုင်ခဲ့ကြသည်ဟု သုံးသပ်ရမည် ဖြစ်သည်။ ထို့ကြောင့်လည်း တရုတ်ကွန်မြူနစ် ပါတီသည် နှစ်ပေါင်းရှည်ကြာသည့်တိုင် တရုတ်ပြည်သူများ၏ ချစ်ခင်အားပေး ထောက်ခံမှုကို တစ်ခဲနက် ရရှိနေသည်ဟု ဆိုရမည်ဖြစ်သည်။

စုသက်မှူး(မရမ်းကုန်း)